အမြန်လမ်း စီမံကိန်း၌ မြေသိမ်းခံ တောင်သူ ၂၁ ဦးတို့အား လျော်ကြေးငွေ ပေးအပ်


22 December, 2020

ရန်ကုန်-မန္တလေး အမြန်လမ်း ဖောက်လုပ်စဉ်က လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသည့် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်ရှိ ဒေသခံ တောင်သူ လယ်သမား ၂၁ ဦးတို့အား ၎င်းတို့၏ လယ်ယာမြေ စုစုပေါင်း ၉၈ ဒသမ ၆ ဧကအတွက် လျော်ကြေ းငွေ ကျပ် သိန်း ၃၁၉ သိန်း၊ လေးသောင်းကျပ် ပေးအပ်ခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းအား ပြန်လည် စိစစ်ရေး ကော်မတီ အဖွဲ့ဝင်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြောသည်။

“ဒီအစိုးရလက်ထက်မှာ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်စိစစ်ရေး ကော်မတီအနေနဲ့ အဆင့်ဆင့် ပြန်လည် စိစစ်ပြီးတော့မှ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမြန်လမ်းဦးစီးဌာနကို တင်ပေးခဲ့ပြီး ဝန်ကြီးဌာနကနေ နိုင်ငံတော်ကို တင်ပြ ဘတ်ဂျက် တောင်းခံပြီး နိုင်ငံတော်ရဲ့ ခွင့်ပြုချက်အရ အခုလို ဆောင်ရွက်နိုင်တာပါ” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၇ - ၁၈ ဘဏ္ဍာရေးနှစ်၌ အောက်ခြေက တင်ပြလာသည့် လယ်ယာမြေ အမှုများကို ၂၀၁၉ ခုနှစ်တွင် အဆင့်ဆင့် စိစစ် ဆောင်ရွက်ခဲ့ကြောင်း၊ နေပြည်တော် မြို့သစ် တည်ဆောက်ခြင်း၊ သရက်ဇုန် စီမံကိန်း ဆောင်ရွက်ခြင်း စသည့် စီမံကိန်းများအတွက် လယ်ယာမြေ သိမ်းဆည်းခြင်း ခံရသော အခြား လယ်ယာမြေ အမှုများလည်း လက်ခံရရှိ ထားကြောင်း၊ အဆင့်ဆင့် ကွင်းဆင်း စိစစ်ပြီး ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ဥတ္တရသီရိမြို့နယ်၌ လယ်ယာမြေ လျော်ကြေး ပေးအပ်ခြင်းမှာ ယခု အကြိမ်သည် တတိယ အကြိမ် ဖြစ်ပြီး ယခင်က နှစ်ကြိမ် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း ဦးကျော် မင်းလှိုင် မီဒီယာသို့ ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ လျော်ကြေးငွေ ရရှိကြသော တောင်သူများမှာ ဥတ္တရ သီရိမြို့နယ် ဘုရားတောင် အုပ်စု ပိုတက်၊ ပိုးစာတော၊ မိုးစွေ၊ အောင်သုခနှင့် ညောင်ပင်ဝိုင်း ကျေးရွာများမှ ဖြစ်ကြပြီး လယ် တစ် ဧက လျှင် ကျပ် ၁၀ သိန်းနှုန်း၊ ယာမြေ တစ်ဧကလျှင် ၂ ဒသမ ၅ သိန်းနှုန်း အသီးသီး ရရှိကြ ကြောင်း သိရသည်။ (Xinhua)

Local Read 378 times