တရုတ်ကုမ္ပဏီတည်ဆောက်နေသည့် ဘီလျံဒေါ်လာ ကိုလံဘိုဆိပ်ကမ်းမြို့တော် စီမံကိန်း


01 January, 2020

Colombo Port City တည်ဆောက်ရန် မဟာစီမံကိန်းကြီးကို သီရိလင်္ကာအစိုးရ၊

CHEC Port City Colombo (Pvt) Ltd. နှင့် မြို့ပြဖွံ့ဖြိုးရေး အာဏာပိုင်တို့ သုံးပွင့်ဆိုင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ပင်လယ်ကမ်းစပ်တွင် မြေဧရိယာ ၄၄၀ ဟက်တာကို မြေဖို့မည်ဖြစ်ပြီး ယင်းမြေပေါ်တွင် ၁၆၆ ဟက်တာကို CHEC Port City Colombo တည်ဆောက်ရန် အသုံးပြုမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံဖြစ်ပြီး ပထမအဆင့်တွင် အမေရိကန် ဓေါ်လာ သန်း ၄၀၀ ကို ရင်းနှီးမြှုပ်နှံပြီး ဒုတိယအဆင့်တွင် ကျန်သည့် သန်း ၆၀၀ ကို ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် ပွဲမစည်သည့် ဆိပ်ကမ်းဖြစ်သော Hambantota Port ကို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တရုတ်ကုမ္ပဏီတို့က တည်ဆောက်ခဲ့ပြီးသည့်နောက်တွင် သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံ၏ Belt and Road ကြွေးထောင်ချောက်ထဲ ကျရောက်နေပြီဟု သုံးသပ်ဝေဖန်မှုများ ရှိနေသည်။
စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်နေစဉ် တရုတ်နိုင်ငံသား ရွှေပြောင်းလုပ်သားများကို သီရိလင်္ကာသို့ ခေါ်ဆောင်ပြီး လုပ်ကိုင်စေခြင်းကြောင့် သီရိလင်္ကာနိုင်ငံသား လုပ်သားအင်အားစု အလုပ်အကိုင်များ မရရှိခဲ့ခြင်းအတွက်လည်း ဝေဖန်ခံရသည်။ စီမံကိန်းတွင် တရုတ်လုပ်သား ၇၅၀၀ ကျော် လုပ်ကိုင်ခဲ့ကြသည်။

Belt and Road Initiative (BRI) ၏ အခက်အလက် တစ်ခုဖြစ်ပြီး ယခု အကောင်အထည်ဖော်နေသည့် ကိုလံဘီဆိပ်ကမ်းမြို့သစ် စီမံကိန်းတွင် လုပ်သားအင်အား ၁၆၀၀ ကျော် လုပ်ကိုင်နေပြီး လေးပုံတစ်ပုံခန့်သည် တရုတ်နိုင်ငံသားများ ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍသည် ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းများအရ အမေရိကန်ဒေါ်လာ ၈ ဘီလျံဖြင့် လည်ပတ်နေပြီး လုပ်သားအင်အား လေးသိန်း လိုအပ်သည်။ ထိုပမာဏကို လောက်လောက်ငင မရရှိသည့်အပြင် လုပ်ငန်းကျွမ်းကျင်လုပ်သား ရှားပါးသည့် ပြဿနာလည်း ရှိနေသည်။ အကြောင်းမှာ စင်ကာပူနိုင်ငံကဲ့သို့သော ပြည်ပနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်ကုမ္ပဏီတို့သည် တရုတ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကို ခေါ်လာပြီး လုပ်ကိုင်ကြသည်။

သီရိလင်္ကာနိုင်ငံအစိုးရသည် ဝေဖန်မှုများကြားမှာ စီမံကိန်းကြီးများကို ဆက်လက် အကောင်အထည်ဖော်နေသည်။ Mattala အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ တောင်ပိုင်းနှင့် Katunayake အဝေးပြေးလမ်းမကြီး၊ ကိုလံဘို ဆိပ်ကမ်းမြို့တော်သစ်၊ Norochcholai ဓာတ်အားစက်ရုံ၊ ရထားလမ်းကွန်ရက် တိုးချဲ့ခြင်းနှင့် ဆည်‌မြောင်းစီမံကိန်းအချို့တို့ကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စီမံကိန်းများတွင် အရေးအပါဆုံးမှာ ကိုလံဘိုဆိပ်ကမ်းမြို့တော် စီမံကိန်း ဖြစ်သည်။ ပင်လယ်ထဲသို့ မြေဖို့ပြီး တည်ဆောက်ခြင်းဖြစ်သဖြင့် သီရိလင်္ကာနိုင်ငံ မြေဧရိယာကို တိုးသွားစေသည်။
Colombo Port City စီမံကိန်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံ အကြီးအကဲတို့က စတင်ပေးခဲ့သည်။ ထို့နောက် သီရိလင်္ကာ သမ္မတ Mahinda Rajapaksa ပြုတ်ကျသွားသောအခါ နောက်အစိုးရက စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်သည်။
သို့သော် မြေဖို့သည့် လုပ်ငန်းကို ဆက်လက်လုပ်ဆောင်စေခဲ့ရာ ဖြည်းဖြည်းနှေးနှေးဖြင့် အကောင်အထည် ဖော်နေခဲ့သည်။ အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးသောအခါ အရှိန်ပြန်တင်ခဲ့သည်။

ကိုလံဘို ဆိပ်ကမ်းမြို့တော်တွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခုမှာ International Financial City ဖြစ်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် စတင်ရန် လျာထားသည်။ ၄၅ ထပ်မြင့် တာဝါအဆောက်အဦ လေးခု ပါဝင်သည်။ တရုတ်၊ စင်ကာပူ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဟောင်ကောင်တို့မှ ကော်ပိုရေးရှင်းများ ရုံးခန်းထားရှိရန် ရည်ရွယ်ထားသည်။

project developer မှာ CHEC Port City Colombo (Pvt) Ltd. ဖြစ်ပြီး China Harbour Engineering Company (CHEC) ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ၁ ဘီလျံ ကို ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ သီရိလင်္ကာနိုင်ငံအဖို့ ၆ နှစ်တာအတွင်း အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ CHEC ၏ မိခင်ကုမ္ပဏီမှာ နိုင်ငံပိုင်လုပ်ငန်း ဖြစ်သောChina Communications Construction Company Limited (“CCCC”) ဖြစ်သည်။

Global Read 52 times