စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေများ


01 August, 2019

စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားသောစုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ၆ထပ်နှင့်အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကို ဆိုသည်။ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူများအသုံးပြုရန် စီမံထားရှိသည့် စုပေါင်းပိုင်ပစ္စည်းနှင့် အိမ်ခန်းများလည်း ပါဝင်သည်။

 စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံများကို တည်ထောင်လျှင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လိုသည့်မြေသည်......

 - တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်အဖြစ်ဆောက်လုပ်ခွင့်ရှိရမည့်အပြင် ပိုင်ဆိုင်ခွင့်လွှဲပြောင်းနိုင်သော မြေအမျိုးအစား ဖြစ်ရမည်။

 - မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးပြီး ဖြစ်ရမည်။

 - မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာအစိုးရဌာန ၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်ထားသည့်အချက်များနှင့်အညီ ဖြစ်ရမည်။

 - မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည်။

 မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများ၊ အိမ်ခန်းများကိုလည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ အိမ်ခန်းအလိုက် မှတ်ပုံတင်လက်မှတ်များကို တည်ထောင်သူအား ထုတ်ပေးပြီး မိတ္တူများကို ထိန်းသိမ်းထားရမည်။

 တည်ထောင်သူသည် အိမ်ခန်းလက်ခံရရှိသူသို့ အိမ်ခန်းလွှဲပြောင်းသည့်အခါ သက်ဆိုင်ရာအိမ်ခန်းမှတ်ပုံတင်လက်မှတ်ကို လွှဲပြောင်းပေးရမည်။

 အိမ်ခန်းအား ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း၊ လဲလှယ်ခြင်း၊ ရောင်းချခြင်း၊ နောက်ဆုံးအတည်ဖြစ်သော တရားရုံး၏အမိန့်ဒီဂရီအရ ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းများဆောင်ရွက်သည့်အခါ လွဲပြောင်းပေးသူနှင့် လက်ခံရရှိသူတို့သည့် လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်အရာရှိထံ လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်။

 မှတ်ပုံတင်သည့်အချိန်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။ သတ်မှတ်သည့်ကာလကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင် မှတ်ပုံတင်ခအပြင် သတ်မှတ်ထားသောဒဏ်ကြေးကို ပေးဆောင်ရမည်။

 တည်ထောင်သူသည် သက်ဆိုင်ရာကော်မတီ၏ခွင့်ပြုချက်ဖြင့် ပူးတွဲတည်ထောင်သူကို ခန့်အပ်ခြင်း၊ ဆောက်လုပ်မပြီးမီ အိမ်ခန်းများကိုကြိုတင်ရောင်းချနိုင်ခြင်း၊ အဆောက်အအုံ၏ ၄၀ ရာခိုင်နူန်းထက်မပိုသော အိမ်ခန်း များကို နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ ရောင်းချနိုင်ခြင်း။ နိုင်ငံခြားသားအားရောင်းချလျှင် နိုင်ငံခြားမှတရားဝင် ငွေလွှဲပို့သော နိုင်ငံခြားငွေဖြင့်သာရောင်းချရမည်။

 စုပေါင်းပိုင်သူသည် အိမ်ခန်းလွှဲပြောင်းသည့်စာချုပ်ကိုမှတ်ပုံတင်ရမည်။ အိမ်ခန်းပိုင်ဆိုင်ခွင့်ကို လက်ခံရရှိသူ အမည်သို့ ပြောင်းလဲခွင့်ရှိပြီး ရောင်းချ၊ ပေါင်နှံ၊ အမွေဆက်ခံ ၊ ခွင့်ပြုချက်ဖြင့်ထားပိုင်ခွင့် ၊ ၄၀ရာခိုင်နူန်းထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသား များအားရောင်းချခြင်း၊ ဘဏ်တွင်ပေါင်နှံခြင်း အမှုဆောင်အဖွဲ့၏ခွင့်ပြုချက်ဖြင့် အိမ်ခန်းအတွင်းပိုင်းကို စုပေါင်းပိုင်အဆောက်အအုံ၏ မှုလပုံစံနှင့်ခိုင်ခံမှုကို မထိခိုက်စေဘဲ မိမိစရိတ်ဖြင့် ပြုပြင်မွမ်းမံ အသေးစား ပြင်ဆင်ခွင့်ရှိသည်။

 အဆောက်အအုံတစ်ခုလုံး သို့ အစိတ်အပိုင်းတစ်ခုခုကို မိမိတို့၏ဆန္ဒအလျောက်ဖြိုဖျက်ပြီးအ သစ်ပြန်လည်ဆောက် လိုလျှင် စုပေါင်းပိုင်အဆောက်အအုံအသင်း၏ အသင်းသားစုံညီအစည်းအဝေး သို့ အသင်းသား အစေည်းအဝေးတွင် အသင်းဝင် ၇၅ ရာခိုင်နူန်း သဘောတူဆုံးဖြတ်ချက်ဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့တင်ပြပြီး အတည်ပြုချက်ရရှိပါက သတင်းစာတွင် ကြေညာပြီးဆောင်ရွက်ရမည်။

 ဤဥပဒေရ ထုတ်ပြန်သည့်နည်းဥပဒေ အမိန့်ညွှန်ကြားချက်တစ်ခုခု တားမြစ်ချက်ဖောက်ဖျက်ကျူးလွန်ကြောင်း (သို့) လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းငါးဆယ်အထိ ငွေဒဏ်ချမှတ်ရမည့်အပြင် လွှဲပြောင်းသည့် စာချုပ်အား မှတ်ပုံတင်ရန်ပျက်ကွက်ပါက အနည်းဆုံးကျပ်ဆယ်သိန်းမှ အများဆုံး နှစ်ဆယ့်ငါးသိန်းချမှတ်နိုင်သည့်အပြင် ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် ဆက်လက်ကျူးလွန်လျှင် ထိုကျူးလွန်သည့်နေ့အသီးသီးအတွက် ထိုပြစ်မှုတွင်ပြဌာန်းထားသော အများဆုံးချမှတ်နိုင်သည့် ငွေဒဏ်၏ ၁၀ ရာခိုင်နူန်း ချမှတ်ရမည်ဖြစ်သည်။

 စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာဥပဒေ ကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင်ပြဌာန်းသည်။

Laws and Regulations Read 97 times