"တရုတ်- မြန်မာလမ်းကြောင်းသစ်" ရထားလမ်းပိုင်း ဖွင့်လှစ်


28 August, 2021

"တရုတ်- မြန်မာလမ်းကြောင်းသစ်"လို့ အမည်တပ်ထားတဲ့ ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ မြန်မာပြည်တွင်း ဆက်သွယ်မယ့် တရုတ်ဘက်အခြမ်း ရထားလမ်းပိုင်း ဖွင့်ပွဲကို  ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မြို့တခုဖြစ်တဲ့ ချင်းရွှေဟော်ရဲ့ တစ်ဖက်ကမ်းမှာ တရုတ်နိုင်ငံ လင်ချမ်းခရိုင် (Lincang) အာဏာပိုင်တွေက ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ 
ဒီလမ်းပိုင်းက တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

တရုတ်သတင်းဌာန တခုက ဖော်ပြသွားတဲ့ လင်ချမ်းခရိုင်ဘက်က ရထားလမ်းဖွင့်ပွဲ ရုပ်သံ သတင်းထဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ တရုတ်ပြည်ကူမင်းမြို့အထိ ဆက်သွယ်မယ့် ရထားလမ်းရဲ့ အနာဂတ်စီမံကိန်းကို ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပုံဖော်ပြသခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲနဲ့အတူ ရထား စမ်းသပ်မောင်းနှင်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ကွမ်လုံ တံတားစီမံကိန်းလုပ်ဖို့၊ ချင်းရွှေဟော်မြို့ကနေ လားရှိုးအထိ အမြန်ရထားလမ်းဖောက်ဖို့ စီမံကိန်းတွေကို လင်ချမ်းအစိုးရက မြန်မာအစိုးရကို ၂၀၁၈ ထဲမှာ တင်ပြခဲ့တာပါ။ တရုတ်အစိုးရ အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့လမ်းမ BRI စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်တဲ့တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေမှာ ဒါကိုထည့်သွင်းသွားဖို့ လင်ချမ်းခရိုင် အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနဲ့ကတိပြုထားတဲ့ စီမံကိန်းတွေအတွက် အဆင်သင့်ဖြစ်နေကြောင်း ဒီရထားလမ်းဖွင့်ပွဲက ပြသလိုက်တာလို့ လေ့လာသူတချို့က ခန့်မှန်းပါတယ်။ တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေထက် သူရဲ့စီမံကိန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်သွားလိမ့်မယ်လို့မြင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဗီအိုအေကို ပြောပါတယ်။

“ တရုတ်ကတော့ ကြည့်ရတာသူ စီမံကိန်းတွေတော့ ဆက်လုပ်မယ်ထင်တယ်။ တခြားနိုင်ငံတွေနဲ့လည်း ဒီလိုပဲဆက်လုပ်တာပဲရှိတယ်။ သူကအစိုးရ အပြောင်းအလဲကြောင့် ဘာမှသိပ်ပြီးတော့၊ အာဖဂန်နစ္စတန်တောင်မှ သူက တာလီဘန်တွေ လာတဲ့အခါမှာ စီးပွားရေးအရ ဆက်လက် အကူအညီပေးမယ်တောင် ပြောသေးတာပဲ။ အဲဒီတော့ တရုတ်က သူ့ရဲ့စဉ်းစားနည်းက နိုင်ငံရေးအရ အဲဒီနိုင်ငံရဲ့ ပြည်တွင်းအရေးမှာ ဘာမှဝင်မပါဘဲနဲ့ အဲဒီနိုင်ငံနဲ့ သူကစီးပွားရေး လုပ်လက်စလမ်းတွေရှိတယ်၊၊ ဒီလမ်းတွေက အစောကြီးကတည်းက ဖောက်နေတာပါ။ အဲဒီတော့ သူတို့က သူတို့လုပ်စရာရှိတာ ဆက်လုပ်မှာပဲ။”

တရုတ်၊ လင်ချမ်းခရိုင်ဟာဆိုရင် မြန်မာဘက်အခြမ်းက လူမျိုးစု လက်နက်ကိုင်တွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ဟိုပုန်း စတဲ့ဒေသတွေနဲ့ နယ်နိမိတ် ထိဆက်နေပါတယ်။ လင်ချမ်းခရိုင်နဲ့ ရှမ်းပြည်နယ် လားရှိုးမြို့ကြားမှာ ချစ်ကြည်ရေး ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ကိုလည်း မြန်မာအစိုးရနဲ့ ၂၀၁၈ မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့တာလည်း ရှိပါတယ်။

မီးရထားလမ်းသစ် စတင်အသုံးပြုနိုင်တဲ့အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွက် တင်သွင်းလာတဲ့ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းတွင် ချထားပြီး ယင်းမှတဆင့် ချင်းရွှေဟော် နယ်စပ်သို့ ပို့ဆောင်ကာ ထိုမှ တရုတ်နိုင်ငံ ချန်တူးမြို့သို့ သုံးရက်အတွင်း ကုန်စည်ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ လင်ချန်းမြို့ဟာ ရှမ်းပြည်နယ်အနီးမှာ  တည်ရှိပြီး နယ်စပ်ဒေသရှိ မိန့်တင်- ချင်းရွှေဟော်ဂိတ်မှ လားရှိုးမြို့နှင့် ကီလိုမီတာ ၁၅၀ ကျော်သာ ဝေးကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်၊ တရုတ်ပြည် ဂျပန်ဆန့်ကျင်ရေး စစ်ပွဲအတွင်း ယာယီဖောက်လုပ်ခဲ့တဲ့ ယူနန်-မြန်မာ ရထားလမ်းက လင်ချန်းမြို့ကို ဖြတ်သန်းသွားပါတယ်။ ယခု သမိုင်းတစ်ပတ်လည်ပြီး ရထားလမ်းသစ် ပြန်လည ပေါ်ထွက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။ 
 

ဗီအိုအေ ဧရာတတီ yunan.com

Region Read 1511 times