တရုတ်ဝယ်လက်များ အာရှရှိ S ဖြင့်စသော မြို့မှ အိမ်ရာများ အဝယ်ကြမ်း


01 March, 2020

ယွမ်ငွေ အားပျော့နေခြင်း၊ ငွေကြေးဖောင်ပွမှုများ ဖြစ်ပေါ်ပြီး ငွေတန်ဖိုး ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားခြင်းတို့ကြောင့်

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် အာရှတွင် အိမ်ခြံမြေ ဈေးဝယ် ထွက်ပြီး လက်ထဲရှိနေသည့် ငွေပိုငွေလျှံများကို ရင်းနှီးမြှုပ်နှံနေကြသည်။ ထိုသို့ ပြုခြင်းဖြင့် ငွေတန်ဖိုး ကျသည့်အခါ ပိုင်ဆိုင်မှုတန်ဖိုး မယုတ်လျော့အောင် လုပ်ဆောင်ကြသည်။

သူတို့သည် ထိပ်တန်း ဈေးအမြင့်တန်း အိမ်ရာများကို ရွေးချယ် ဝယ်ယူကြသည်။ ထိုသို့ ဝယ်ယူကြခြင်းကြောင့် ထိပ်တန်းအိမ်ရာများ၏ ရောင်းဈေးများ ဈေးခုန်တက်စေခဲ့သည်။
ကပ်ရောဂါကြောင့် အထိနာပြီး အရောင်းအဝယ်ထိုင်းမှိုင်းနေသည့် အာရှ အိမ်ရာဈေးကွက်အဖို့မှာ အသက်ရှူပေါက်တစ်ခု ရရှိခြင်းဖြစ်နေသည်.

အထက်တန်းစား အိမ်ရာများကို သီးသန့်လုပ်ကိုင်သော အိမ်ခြံမြေ ကိုယ်စားလှယ်လုပ်ငန်း Black Diamondz သည် ဩစတေးလျမှ ဖြစ်ပြီး ထူထောင်သူ Monika Tu သည် တရုတ်ဝယ်လက်များကို အိမ်ရာ ရှာဖွေပေးသည်။ ကပ်ရောဂါဘေး ဆိုက်နေချိန် ဩစတေးလျတွင် ရောက်ရှိနေသည့် တရုတ်ဝယ်လက်များကို အိမ်ရာများ ရှာဖွေပေးခဲ့ပြီး အရောင်းအဝယ် ဖြစ်ခဲ့သည့် တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၅ သန်းကျော် ရှိသည်။ ဆစ်ဒနီမြို့မှ ပင်လယ်ကမ်းခြေရှိ နေရာကောင်းများတွင် ရှိသော အိမ်ရာများကို ဝယ်ယူခဲ့ကြသည်။

တရုတ်ဝယ်လက်များ သည် S အစပြု မြို့များ ဖြစ်ကြသည့် Shanghai ရှန်ဟိုင်း ၊၊ Seoul ဆိုးလ်၊ Sydney ဆစ်ဒနီနှင့် Singapore စင်ကာပူ တို့တွင် ပရီမီယံ၏ အထက်တွင် ရှိနေသော အိမ်ရာတို့ကို ဝယ်ယူကြရာ၌ ကိုဗစ်ကြောင့် အိမ်ရာတို့ကို လူကိုယ်တိုင် သွားကြည့်ဖို့ မဖြစ်နိုင်သော်လည်း ဓာတ်ပုံများ၊ ဗီဒီယိုများကို ကြည့်ရှုပြီး ဝယ်မည် မဝယ်မည်ကို ဆုံးဖြတ်ကြသည်။

တောင်ကိုရီးယားတွင် အိမ်ရာဝယ်ရန် တရုတ်ဝယ်လက်များ မေးမြန်းစုံစမ်းကြခြင်းသည် ၂၀၂၀ ခုနှစ် ပထမ သုံးလပတ်တွင် ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်ထက် ၁၈၀ ရာခိုင်နှုန်း ပိုများသည်။ နယူးဇီလန်တွင် ၇၅ ရာခိုင်နှုန်းသာ ပိုများခဲ့သည်ဟု အိမ်ခြံမြေလုပ်ငန်း Juwai Iqi က အချက်အလက် ထုတ်ပြန်ခဲ့သည်။

စင်ကာပူသည် ကာစီနိုရှိခြင်းကြောင့် ဝယ်လက်တို့ ပိုကြိုက်ကြသည်။ တစ်စိတ်တစ်ပိုင်း lockdown ကျနေစဉ်ကာလအတွင်းတွင် တရုတ်ဝယ်လက် သုံးဦးတို့က Marina One Residences တွင် တည်ရှိသော တိုက်ခန်း ၆ နေရာကို ဝယ်ယူခဲ့ကြသည်။ စုစုပေါင်းတန်ဖိုးမှာ စင်ကာပူဒေါ်လာ သန်း ၂၀ ကျော် ရှိသည်။ ဓာတ်ပုံများနှင့် ဗီဒီယိုတို့ကို ကြည့်ရှုပြီး ဝယ်ယူရန် ဆုံးြဖတ်ခဲ့ကြပြီး အရောင်းအဝယ် ဖြစ်သွားခဲ့သည်ဟု အိမ်ခြံမြေလုပ်ငန်း APAC Realty Ltd မှ ကိုယ်စားလှယ် Clarence Foo က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံသူတစ်ဦးက စင်ကာပူဒေါ်လာ ၁၂ သန်း ဖြင့် အိပ်ခန်း သုံးခန်းပါ တိုက်ခန်း ၃ ခန်းကို ဝယ်ယူခဲ့သည်။ ထိုနေရာသည် Marina Bay Sands ဟိုတယ်နှင့် ကာစီနိုတို့ထံ လမ်းလျှောက်သွားလျှင် ၅ မိနစ်သာ ကြာမည့်နေရာ ဖြစ်သည်။

နောက်ထပ် S ဖြင့်စသော မြို့ဖြစ်သည့် Shenzhen သည် တရုတ်နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးရေးကို ဇောက်ချလုပ်ကိုင်သော မြို့ဖြစ်ပြီး ဟောင်ကောင်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။ အိမ်ရာဈေးနှုန်းများမှာ မိုးထိအောင် မြင့်မားနေပေရာ ငွေပိုငွေလျှံများကို ရင်းနှီးမြှုပ်နှံသည့်အနေဖြင့် ဝယ်ယူရန် အင်တင်တင် ဖြစ်နေမိစေသည့် ဈေးနှုန်းများ ဖြစ်နေသည့်တိုင်အောင် ဝယ်ယူကြသူများ ရှိနေသည်။ ဧပြီလအတွင်းမှာ developer တို့က အထက်တန်းစား အိမ်ရာများကို အရေအတွက် အတော်များများဖြင့် ရောင်းချခဲ့သည်။ Shenzhen ၏ လွတ်လပ်ကုန်သွယ်မှုဇုန်ထဲတွင် တည်ဆောက်ခဲ့သည့် BayHouse စီမံကိန်းမှ တိုက်ခန်းများ ၁၃၅ ခန်း အရောင်းအဝယ် ဖြစ်ခဲ့သည်။ တစ်ခန်းကို အမေရိကန်ဒေါ်လာ ၃ သန်း ဖြင့် ဈေးတည့်ခဲ့ကြသည်။

ရှန်ဟိုင်းမှာ ဝယ်လိုအားသည် ရနိုင်သော တိုက်ခန်းထက် အမြဲများနေသည်။ ၅ ဆဝန်းကျင် ပိုများနေသည်။ Oriental Garden အိမ်ရာစီမံကိန်းသည် တိုက်ခန်း တစ်ခုကို ဒေါ်လာ ၂ .၄ သန်းဖြင့် ရောင်းသည်။ Green Residence အိမ်ရာစီမံကိန်းသည် ပုံစံငယ်ကိုသာ ခင်းကျင်းပြသထားသည််ကို ကြည့်ရှုပြီး အဆုံးအဖြတ် ပြုကာ ဝယ်ကြရသည်။ တစ်ရက်တည်းမှာပင် အကုန်ရောင်းထွက်သွားခဲ့သည်။

Global Read 37 times