နိုင်ငံတကာအဆင့်မီ ပြပွဲခန်းမများ (Convention Hall) တည်ဆောက်ရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စားနေ


16 December, 2020

ရန်ကုန်၌ နိုင်ငံတကာအဆင့်မီ ပြပွဲခန်းမများ (Convention Hall) တည်ဆောက်ရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စားနေကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။

'' ရန်ကုန်မြို့မှာ Convention Hall တွေ ကောင်းကောင်းမရှိဘူး။ တရုတ်စီးပွားရေးသံမှူးနဲ့ ကျွန်တော်ဆွေးနွေးတဲ့အခါ သူတို့ဘက်ကလာရောက်ပြီး ရင်းနှီးမြှုပ်နှံလိုသူ သုံးလေးယောက်လောက်ရှိတယ်ပြောတယ်။ ဒါဆိုရင် မြေနေရာကိုတောင်းလာတယ်။ မြေနေရာကိစ္စကတော့ အစိုးရအဖွဲ့နဲ့လည်း မေးပြီးတော့ ရန်ကုန်တိုင်းဖြစ်ဖြစ်၊ စီးပွားရေးကူးသန်းကမြေတွေနဲ့ လုပ်မယ်ဆိုရင် Joint ဘယ်လိုလုပ်လို့ရသလဲ၊ ဒီလိုမျိုး Convention Hall ကြီးတစ်ခုကိုလည်း ရန်ကုန်မှာတော့ ကောင်းကောင်းမွန်မွန်ရှိစေချင်တယ် '' ဟု ဥက္ကဋ္ဌက ပြောသည်။

ပြည်ပမှာ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် Convention Hall များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသော်လည်း နိုင်ငံတကာအဆင့်မီ ပြပွဲများ ကျင်းပပါက ရောင်းသူဝယ်သူများ၊လေ့လာသူများကို ဖိတ်ခေါ်ပေးနိုင်မှု ရှိ၊မရှိကိုလည်း စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ဆက်လက်၍ ဥက္ကဋ္ဌက '' သူတို့ဘက်က ရင်းနှီးမြှုပ်နှံမှုကို လာလုပ်ချင်တယ်။ ဘာပြဿနာရှိလည်းဆိုရင် international exhibition မျိုး လုပ်နိုင်ဖို့ customer တွေ၊ visitor တွေ လာဖို့လိုတယ်။ ဖိတ်နိုင်ရဲ့လား၊ ပြပွဲက ဘယ်လောက်အဆင့်မီလဲ။ ဒါလေးတွေကို စဉ်းစားလာကြပါတယ် '' ဟု ပြောသည်။

လက်ရှိ ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ ပြပွဲများကို ကျင်းပနိုင်သည့် Convention Hall အနေဖြင့် သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo တစ်ခုတည်းသာရှိပြီး ယင်းကဲ့သို့ Convention Hall များစွာရှိရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။

Institution Local Read 61 times