တရုတ်ပြည်ရဲ့ ပထမဆုံး အထပ်မြင့် မီးသတ်ဒရုံး


01 March, 2020

ဒရုံးတွေရဲ့ မူလအစမှာ မောင်းသူမဲ့ ယာဉ်ပျံ unmanned aerial vehicle (UAV) ကိုတီထွင်စမ်းသပ်ခဲ့ကြရာမှ

စတင်ခဲ့ပြီး မူလက စစ်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ခဲ့ကြတယ်။ အတော်အတန် အောင်မြင်မှုတွေ ရလာခဲ့ပြီး အရပ်ဖက်ကို နည်းပညာ ရောက်ရှိလာတယ်။ ကောင်းကင်မှ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးဖို့ ဒရုံးတွေကို သုံးခဲ့ကြတယ်။

နောက်တော့ ပစ္စည်းသယ်ယူပို့ဆောင်ရေး အတွက် တွင်တွင်ကျယ်ကျယ် သုံးကြတယ်။
အထူးပြု ဒရုံးတွေ ပေါ်ပေါက်လာပြီး သက်ဆိုင်ရာနယ်ပယ်အတွက် အထူးသီးသန့် ဒီဇိုင်းတွေ ကြံဆထုတ်လုပ်ပြီး ဒရုံးတွေကို သုံးလာကြတာမှာ မီးသတ်ဌာနအတွက်လည်း အပါအဝင် ဖြစ်ပါတယ်။ တောမီးလောင်တာကို ထောက်လှမ်းဖို့ သုံးကြတယ်။ မီးသတ်ဆေး ဖျန်းဖို့ သုံးကြတယ်။ ဒါပေမဲ့ မီးသတ်ပိုက်နဲ့ မီးငြိမ်းဖို့မှာတော့ အခက်အခဲ ရှိနေခဲ့တယ်။
မီးသတ်ပိုက်မှ ရေလုံး ပန်းထွက်ဖို့ ဖိအားပြင်းပြင်းဖြင့် တွန်းထုတ်ပစ်ရတာမို့ ပိုက်ဝတစ်ဝိုက်မှာ နောက်ကို ပြန်ကန်တဲ့ တွန်းအားပြင်းပြင်း ဖြစ်ပေါ်တယ်။ လေထဲ ပျံပြီး အငြိမ်ရပ်နေရတဲ့ ဒရုံးအဖို့ နောက်ပြန်ကန်အားကို တောင့်ခံပြီး နေရာမရွေ့အောင် ထိန်းဖို့ အတော်မလွယ်ဘူး။ အဲဒီလို မလွယ်တာကို အခုတော့ ရအောင် လုပ်နိုင်ခဲ့ပါပြီ။

တရုတ်နိုင်ငံမှ Guofei General Aviation Equipment Manufacturing က တရုတ်နိုင်ငံ ချောင်ကျင်းပြည်နယ်မှာ တည်ရှိတဲ့ ဒါဇူမှာ မီးသတ် သရုပ်ပြလေ့ကျင့်ခန်းတစ်ခု လုပ်ဆောင်ခဲ့တယ်။
မီးလောင်နေတဲ့ အထပ်မြင့်တိုက်တစ်လုံးကို မီးသတ် ဒရုံးများဖြင့် လျင်မြန်စွာ မီးသတ်ပြခဲ့ပါတယ်။ သရုပ်ပြပွဲကို လာရောက်ကြည့်ရှုကြတဲ့ ဧည့်သည်တွေဟာ မောင်းသူမဲ့ ယာဉ်ပျံတွေရဲ့ မီးသတ်စွမ်းရည်အပေါ် တအံ့တသြ ဖြစ်ခဲ့ကြပါတယ်။
Guofei General Aviation Equipment Manufacturing ရဲ့ အကြီးအကဲဖြစ်သူ ကောင်ဘင်း Cao Bing က "အထပ်မြင့် အဆောက်အဦတစ်ခု မီးလောင်နေတာကို UAV သုံးပြီး မီးငြိမ်းဖို့ စိတ်ကူးကို စတင်ရရှိခဲ့တာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ကျွန်တော်တို့ ခုနစ်နှစ်တိုင်တိုင် အချိန်သုံးပြီး အထပ်မြင့် မီးသတ် UAV ကို ဖန်တီးခဲ့ကြတယ်။ ဒီအထပ်မြင့် မီးသတ် UAV က ကျွန်တော်တို့ နိုင်ငံမှာ ပထမဆုံး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်"

အထပ်မြင့် မီးသတ်ဒရုံးရဲ့ ထူးခြားတဲ့ဂုဏ်သတ္တိတွေက ထပျံတာ မြန်ဆန်တယ်။ မီးလောင်တဲ့ နေရာကို သွားဖို့ မြန်မြန်ဆန်ဆန် ရောက်တယ်။ မီးလောင်ခါစ လက်ဦးမှု ရယူနိုင်တယ်။
လက်ရှိအနေအထားမှာ မီးသတ်ကားအနေဖြင့် ငြိမ်းသတ်ပေးနိုင်တဲ့ အများဆုံးအမြင့်က မီတာ ၁၀၀ ဖြစ်ပါတယ်။ မီးသတ်ဒရုံးက မီတာ ၂၀၀ အမြင့်အထိ မီးငြိမ်းသတ်ပေးနိုင်တယ်။ မြေပြင်မှ အမြင့် မီတာ ၂၀၀ ကို ပျံတက်ဖို့ စက္ကန့် သုံးဆယ်ပဲ ကြာတယ်။
"မီးသတ်ဆေးမှုန့်ကို သုံးပြီး ကုဗမီတာ ၁၀၀ အလုံပိတ်နေရာတစ်ခု မီးလောင်နေတာကို မီးသတ်ဒရုံးက ကောင်းကောင်းငြိမ်းသတ်ပေးနိုင်ပါတယ်။ ရေနဲ့ ထိုးပြီး ငြိမ်းမယ်ဆိုရင်လည်း ရပါတယ်။ ရေလှောင်ကန် နောက်တွဲကနေ ရေပိုက်ထုတ်ပြီး ဒရုံးက အမြင့်ကို သယ်ဆောင်ငြိမ်းသတ်ပေးပါတယ်" လို့ ကောင်ဘင်းက ရှင်းပြတယ်။
"ဖိသိပ်အမြှုပ် compressed foam နဲ့လည်း မီးငြိမ်းခိုင်းလို့ ရပါတယ်။ မြန်တယ်။ မီးသတ်ကားတွေလို ရပ်ဖို့နေရာ ယူရတာ၊ လှေကားထောင်ရတာတွေအတွက် အချိန်ယူရတာ မရှိဘူး"
လို့ သူက ပြောပြတယ်။

Global Read 47 times