အိမ်ရာစီမံကိန်းများပြီးစီးရန် အထူးချေးငွေ ဒေါ်လာ ၂၉ဘီလီယံ တရုတ်အစိုးရ ပေးမည်


05 September, 2022

အိမ်ရာစီမံကိန်းများပြီးစီးရန် အထူးချေးငွေ ဒေါ်လာ ၂၉ဘီလီယံ တရုတ်အစိုးရ ပေးမည်

တရုတ်နိုင်ငံအစိုးရသည် အိမ်ရာစီမံကိန်းများ ပြီးစီးရန်အတွက် အထူးချေးငွေ ကန်ဒေါ်လာ ၂၉ ဘီလီယံ ထုတ်ပေးမည်ဖြစ်သည်။

ငွေမလည်တော့သည့် အကျပ်အတည်းကြောင့် ဆောက်လုပ်ရေး ရပ်တန့်သည်။ ဆောက်လုပ်ရေး ရပ်တန့်သဖြင့် အရစ်ကျစနစ်ဖြင့် အိမ်ရာတိုက်ခန်း ကြိုပွိုင့်ဝယ်ထားသူများက ငွေမသွင်းတော့ဘဲ တညီတညွှတ်တည်း သပိတ်မှောက်ထားကြသည်။

ဆောက်ရင်းတန်းလန်း ဆောက်လုပ်‌ရေး ရပ်တန့်နေသော အိမ်ရာစီမံကိန်းများ အပြီးသတ်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တရုတ်နိုင်ငံ အစိုးရသည် အထူးချေးငွေအဖြစ် ယွမ် ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၉ ဘီလီယံ) ထုတ်ပေးမည်ဖြစ်သည်။

အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့သည် မူဝါဒဘဏ်များမှတစ်ဆင့် လုပ်ငန်းရှင်များအား အထူးချေးငွေဖြင့် ပံ့ပိုးပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံဌာန China Central Television က သတင်း‌ကြေညာခဲ့သည်။
 
အထူးချေးငွေများကို တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် China Development Bankနှင့် တရုတ်နိုင်ငံ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးဘဏ် Agricultural Development Bank of China, တို့က ကနဦး ပံ့ပိုးပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံ ပို့ကုန်-သွင်းကုန်ဘဏ် Export-Import Bank of China ကလည်း  ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ အိမ်ခြံမြေ developer များအကြား ငွေမ‌မပေါ်သဖြင့် ငွေလည်ပတ်မှု အကျပ်အတည်းကြောင့် စီမံက်န်းအသစ်များအ‌ရေအတွက်  ထိုးကျသွားသည်။  လက်ရှိ တိုက်ခန်းဆောက်လက်စများ ရပ်တန့်သွားသည်။ ကြိုပွိုင့်ကို အရစ်ကျ ငွေချေစနစ်ဖြင့် ငွေသွင်းထားသည့် တိုက်ခန်းအိမ်ရာ ဝယ်ယူသူများ တိုက်ခန်းအပ်မည့်အချိန် မသိနိုင်တော့သဖြင့်  ဒေါသထွက်နေသော အိမ်ဝယ်သူများက ငွေပေးမှု မပြုကြတော့ဘဲ တညီတညွှတ်တည်း  သပိတ်မှောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
 အိမ်ဝယ်သူများက ငွေပေးမှု မပြုကြတော့သည့် သပိတ်မှောက်မှုများ နိုင်ငံတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေသည်ဖြစ်ရာ ဘဏ်များ အကျပ်ရိုက်ကုန်ကြသည်။ developers များကလည်း ငွေမဖော်နိုင်သဖြင့် အတိုးအရင်း ပေးဆပ်ဖို့ ပျက်ကွက်နေကြသည်။ သို့ဖြစ်ရာ developer များကို ချေးငွေ ထုတ်ပေးထားသည့်ဘဏ်များ ဖွတ်မရ ဓားမလည်းဆုံးရှုံး ဖြစ်ကုန်သည်။

ဗဟိုအစိုးရသည် မူဝါဒဘဏ်များကို ကြာချိန် နှစ်နှစ်ထက်မပိုသော ချေးငွေအပေါ် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ပံ့ပိုးပေးမည်၊

ချေးယူသူများသည် စည်ပင်သာယာရေး အာဏာပိုင် အဖွဲ့အစည်းများဖြစ်ပြီး အထူးချေးငွေများကို ဒေသန္တရအစိုးရ၏ ကြွေးမြီအဖြစ် စာရင်းသွင်းမည်ဖြစ်သည်။

မူအရ ဒေသန္တရအစိုးရချေးငွေကို ၃ နှစ်ထက် မပိုစေရပေ။ သို့သော် လက်တေ‌ွ့တွင် ၃ နှစ်ထက် ကျော်လွန်သည်များ ရှိစမြဲ ဖြစ်သည်။
ပထမနှစ်နှစ်အတွင်း အတိုးနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး တတိယနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သည်။ သုံးနှစ်အကြာတွင် ချေးငွေပြန်မဆပ်ပါက တတိယနှစ်အဆင့် အတိုးနှုန်းကို  နှစ်ဆတိုးမည်ဖြစ်ရာ ၆ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်။

ယွမ် ၂၀၀  ဘီလီယံ အမျိုးသားကယ်ဆယ်ရေးရန်ပုံငွေသည် အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာအောင် နှိုးဆွရန်အတွက် မဟုတ်ကြောင်း ကြီးကြပ်သူတို့က ရှင်းရှင်းလင်းလင်း အသိပေးထားသည်။ 
Developers များကို ကယ်တင်ရန်အတွက်လည်း မဟုတ်ကြောင်း ပြတ်ပြတ်သားသား အသိပေးထားသည်။
အိမ်ရာတိုက်ခန်းမရသဖြင့် သောကပွားနေကြရသည့် အများပြည်သူတို့ ကြိုပွိုင့် ဝယ်ယူထားသည့် တိုက်ခန်းများ ဆောက်လုပ်ပြီးစီးရေးအတွက်သာ ဖြသ်ရမည်ဟု တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။ တိုက်ခန်း အပ်နှံနိုင်ရေးအတွက် ဆောက်လုပ်ရေးမှာသာလျှင် သုံးစွဲကြရမည်။

ဒေသန္တရအစိုးရများသည် ဒေသန္တရအိမ်ရာစီမံကိန်းများကို စေ့စေ့စပ်စပ် ဘီးစိပ်တိုက်ပြီး developer များ၏ ပိုင်ဆိုင်မှုနှင့် အရင်းအနှီးများကို စိစစ်ရမည်။ ပြီးမှ ချေးငွေကိစ္စ ဆောင်ရွက်ကြရမည်။

ချေးငွေလျှောက်ထားမှုများကို ၂၀၂၃ ခုနှစ် မတ်လကုန် မတိုင်ခင် တင်ပြရမည်။
လျှောက်လွှာအတွက် စည်းကမ်းများကို နှုတ်ဖြင့် ရှင်းလင်းပြောပြီး အသိပေးထားသည်။

တရုတ်အိမ်ခြံမြေ သတင်းအချက်အလက် ကော်ပိုရေးရှင်း China Real Estate Information Corp.(CRIC) ၏ အဆိုအရ အိမ်ဝယ်သူများသည် အိမ်ရာတိုက်ခန်းများ အပ်နှံမှု  ကာလအကန့်အသတ်မရှိ  နှောင့်နှေး‌နေနခြင်းအတွက်  တုံ့ပြန်သည့် အနေဖြင့် ငွေပေးချေမှုများကို ရပ်ဆိုင်းလိုက်ကြသည်မှာ ဇူလှိုင်လကုန်တွင် မြို့ပေါင်း ၅၉ မြို့ ကျော်တွင် ကြိုတင်ရောင်းချသည့် စီမံကိန်းပေါင်း ၁၀၀  ကျော်အထိ ဖြစ်လာသည်။ 
Source Cuxin
#MyanmarBuilderGuide
Telegram Channel https://t.me/Guid4U

Global Read 388 times