တရုတ်နိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ ဖရဲသီးဖြင့်  တိုက်ခန်းဖိုး ပေးချေခြင်း လက်ခံ


28 July, 2022

တရုတ်နိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ ဖရဲသီးဖြင့်  တိုက်ခန်းဖိုး ပေးချေခြင်း လက်ခံ

တရုတ်နိုင်ငံရှိ အိုးအိမ်တိုက်ခန်း developer များက တိုက်ခန်းဖိုးကို ဖရဲသီးဖြင့် ပေးချေခြင်းကို သဘောတူလက်ခံပေးလျက်ရှိပြီး  ယွမ် ၁ သိန်း တန်ဖိုးရှိသော ဖရဲသီး ကီလိုဂရမ် ၅,၀၀၀ အထိ ခွင့်ပြုထားပါတယ်။ 


ယခုအခါ တရုတ်နိုင်ငံရှိ အိမ်ခြံမြေကုမ္ပဏီများက ဖရဲသီး၊ ဂျုံ၊ ကြက်သွန်ဖြူနှင့် အခြားသော စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုးဖြင့် တိုက်ခန်းဖိုး 
ပေးချေမှုများကို စတင်လက်ခံနေပြီလို့ တရုတ်နေ့စဉ်ထုတ် The Global Times မှာ  သတင်းဖော်ပြထားပါတယ်။
ယခုလို တိုက်ခန်းဖိုးရဲ့ တစ်စိတ်တစ်ပိုင်းကို စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုးဖြင့် ပေးချေပြီး တိုက်ခန်းဝယ်ယူဖို့ တိုက်တွန်းကြပါတယ်။
'food-for-home’ တိုက်ခန်းအရောင်း အစီအစဉ်ဖြင့် တောင်သူလယ်သမားများက တိုက်ခန်းများ ဝယ်ယူကြအောင် အရောင်းမြှင့်တင်ရေး လုပ်ဆောင်နေပါတယ်။ 
တင်းကျပ်ပြင်းထန်ပြီး ရက်ရှည်ကြာတဲ့ Covid-19 လော့ဒေါင်းအများအပြားကြောင့် တရုတ်နိုင်ငံ စီးပွားရေးဟာ လော့ဒေါင်းအလွန်ကာလမှာ နှေးကွေးနေဆဲ ဖြစ်ပါတယ်။
အိုးအိမ်တိုက်ခန်း ဆောက်လုပ်ရေးကဏ္ဍမှာလည်း အိုးအိမ်တိုက်ခန်း ဖွံ့ဖြိုးရေးလုပ်ငန်းကြီးများ ကြွေးနွံနစ်ပြီး ဒုက္ခရောက်နေကြပါတယ်။
အိုးအိမ်တိုက်ခန်း ဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍကို ဆွဲတင်ကယ်ဆယ်ဖို့ ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်တယ် လို့ Bloomberg က သတင်း ဖော်ပြပါတယ်။
ကြိုးပမ်း လုပ်ဆောင်ချက်များတွင် အိမ်ချေးငွေများ အမြန်ခွင့်ပြုချက်၊ ဘဏ်များမှပေးသော အိမ်ခြံမြေချေးငွေများ အရေအတွက် တိုးပေးခြင်း၊  အတိုးနှုန်းလျှော့ချခြင်းတို့ ပါဝင်ပါတယ်။
ဧပြီလမှာ လူတစ်ဦးချင်းစီအား ပြောင်းလွယ်ပြင်လွယ်နှင့် ပိုမိုကောင်းမွန်သော ချေးငွေမူဝါဒများ ပေးဆောင်ရန် တရုတ်ဗဟိုဘဏ်က ဘဏ်လုပ်ငန်းများနှင့် ငွေကြေး အဖွဲ့အစည်းများကို အကြံပြုထားပါတယ်။

မေလမှာ People’s Bank of China က ပထမဆုံးအကြိမ် အိမ်ဝယ်သူများက တိုက်ခန်းသစ်ကို အပေါင်ထားပြီး ဘဏ်ချေးငွေ ရယူတဲ့အခါ  အတိုးနှုန်းကို  ယခင်က ၄.၆ ရာခိုင်နှုန်း အစား ၄.၄ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ပေးခဲ့တယ်လို့  Bloomberg က သတင်းဖော်ပြခဲ့ပါတယ်။ 


နိုင်ငံတစ်လွှား အိမ်ခြံမြေကဏ္ဍကို မြှင့်တင်ရန် ခြေလှမ်းအားလုံး လုပ်ဆောင်နေသော်လည်း တရုတ်နိုင်ငံ အိမ်ခြံမြေဈေးကွက်ဟာ နက်ရှိုင်းသော စီးပွားရေးကျဆင်းမှုတွင် ရှိနေဆဲ ဖြစ်ပါတယ်။ 
#MyanmarBuilderGuide
 Telegram Channel  https://t.me/Guid4U

Source: south china morning post

Global Read 406 times