တရုတ်နိုင်ငံ အိမ်ရာကဏ္ဍ အကျပ်အတည်းကြောင့် လူဦးရေ သန်း ၄၀၀ ကျော် ဘဏ်ကြွေးတင်နေ


26 July, 2022

တရုတ်နိုင်ငံ အိမ်ရာကဏ္ဍ အကျပ်အတည်းကြောင့် လူဦးရေ သန်း ၄၀၀ ကျော် ဘဏ်ကြွေးတင်နေ

တရုတ်နိုင်ငံ  အိမ်ရာအဆောက်အဦ ဆောက်လုပ်ရေးကဏ္ဍ၏ နက်ရှိုင်းသော ပြိုကွဲမှုကြောင့် လူဦးရေ သန်း ၄၀၀ ရှိသော လူလတ်တန်းစားများမှတစ်ဆင့် တုန်လှုပ်ချောက်ချားစရာ ဂယက်လှိုင်းလုံးများ ပို့လွှတ်နေပြီး "အိမ်ခြံမြေ ပိုင်ဆိုင်ခြင်းသည် ချမ်းသာကြွယ်ဝရန် သေချာသောနည်းလမ်း" ဖြစ်သည်ဟူသော ယုံကြည်ချက်အား ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ 

နိုင်ငံတစ်လွှား ဆောက်လက်စတန်းလန်း  အိမ်ရာတိုက်ခန်း အဆောက်အဦများ ဆောက်လုပ်ရေး ရပ်ထားရပြီး တိုက်ခန်းဈေးနှုန်းများလည်း ကျဆင်းနေပါတယ်။ တိုက်ခန်းပိုင်ရှင်အများအပြားတို့ အသုံးစရိတ် ချွေတာနေကြရတယ်။ မင်္ဂလာဆောင်ဖို့ ရွှေ့ဆိုင်းထားကြလို့ တစ်အိုးတစ်အိမ် ထူထောင်ဖို့ တိုက်ခန်းဝယ်လိုအား ကျဆင်းပါတယ်။ ကြိုပွိုင့်ဝယ်ထားတဲ့ ဆောက်လက်စတိုက်ခန်းများကို ဘဏ်ချေးငွေဖြင့် အရစ်ကျ ပေးသွင်းနေတာတွေလည်း ရပ်ဆိုင်းထားလိုက်ကြတယ်။ 


ဟီနန်ပြည်နယ် မြို့တော် ကျန်ကျိုးမှာ ယွမ် ၂ သန်း (US$300,000) တန် ဆောက်လက်စ အိမ်ကို ဘဏ်ချေးငွေဖြင့် ဝယ်ယူခဲ့သူတစ်ဦးက  သူဝယ်ထားတဲ့အိမ် ဆောက်လုပ်နေဆဲမှာပင် ဆောက်လုပ်နေတဲ့ ကုမ္ပဏီ  China Aoyuan Group က ရပ်ထားလိုက်တယ်။ သူ နေထိုင်ရဖို့ လမ်းမမြင်တဲ့ အိမ်အတွက် သူ့မှာ ဘဏ်ကြွေး အတိုးအရင်း တင်နေတယ်။ 

သူက  China Aoyuan Group နှင့် China Evergrande Group ကဲ့သို့သော အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေး ကုမ္ပဏီများက ဆောက်လက်စ စီမံကိန်းများကို ရပ်ဆိုင်းလိုက်ပြီးနောက်မှာ တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၉၀ ကျော်တွင် သိန်းနှင့်ချီသော ကြိုပွိုင့် အိမ်ဝယ်သူများထဲမှ တစ်ဦးဖြစ်သည်။ ယခုအခါ အဆိုပါ ကြိုပွိုင့် ဝယ်ထားကြသူများက တက်ညီလက်ညီဖြင့် အရစ်ကျ ပေးသွင်းရမယ့် တိုက်ခန်းဖိုးကို ပေးသွင်းခြင်း မပြုတော့ဘဲ သပိတ်မှောက်ထားလိုက်ကြတယ်။ ဘဏ်ချေးငွေ စုစုပေါင်း ယွမ် ၂ ထရီလီယံကို ရပ်ဆိုင်းထားလိုက်ကြတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လူလတ်တန်းစား လူဦးရေရဲ့ ၇၀ %  တို့ ဆောက်လက်စ ရပ်ထားတဲ့ တိုက်ခန်းစီမံကိန်းများထဲမှာ ငွေဆုံးရှုံးနေကြတယ်လို့် ခန့်မှန်းထားပါတယ်။  အရစ်ကျပေးသွင်းဖို့ ငြင်းဆန်ထားကြတယ်။ စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်မှုကို ထိခိုက်နိုင်တဲ့အခြေအနေမှာ ရောက်ရှိနေတယ်။ 

အာဏာပိုင်တို့ လက်ပိုက်ကြည့်နေလို့ မရတော့တဲ့အတွက် ပြဿနာများကို ဖြေရှင်းဖို့ ကြိုးပမ်းကြပါတယ်။ တိုက်ခန်းဖိုး အရစ်ကျ ပေးဆပ်ခြင်းကို ဆိုင်းငံ့ကာလ ပြဋ္ဌာန်းပေးတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တို့က ဘဏ်များကို ဖိအားပေးပြီး ဆောက်လုပ်ရေးလုပ်ငန်းကို ချေးငွေဆက်လက် ထုတ်ပေးခိုင်းတယ်။ 


ရပ်ထားတဲ့ အိုးအိမ်တိုက်ခန်းများရဲ့ တန်ဖိုး စုစုပေါင်းက ယွမ် ၄.၇ ထရီလီယံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဆောက်လက်စတန်းလန်းကို ပြီးစီးဖို့အတွက် ယွမ် ၁.၄ ထရီလီယံ လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

တရုတ်နိုင်ငံ အိမ်ရာတိုက်ခန်း ဈေးကွက်မှာ တိုက်ခန်းကို ကြိုပွိုင့် ဝယ်ယူကြရပါတယ်။ ဆောက်လို့မပြီးသေးခင်မှာ ရောင်းထားပြီးသား ဖြစ်ပါတယ်။ စရံသတ်ပြီးတာနှင့် ဘဏ်ချေးငွေ ရယူပြီး ဘဏ်ကို အရစ်ကျ ပေးသွင်းရပါတယ်။ အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်းက ဆောက်လက်စတန်းလန်းမှာပဲ ငွေဝင်နေတာကြောင့် စီမံကိန်း အသစ်တွေ တစ်ခုပြီး တစ်ခု စတင်ပါတယ်။  ကြိုပွိုင့်တွေ ရောင်းချပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လက်စတန်းလန်း ငွေပြတ်လို့ ရပ်သွားတဲ့စီမံကိန်းဆိုတာ မရှိခဲ့ဖူးပါဘူး။ ယခုမှ ကြုံဖူးကြတာ ဖြစ်ပါတယ်။ 
 
Source: Bloomberg

Global Read 303 times