China Fortune Land Development က ဒေါ်လာ ၃၁၃ သန်း လိမ်ခံရဟု တင်ပြ


18 December, 2021

တရုပ်နိုင်ငံမှ အကြီးမားဆုံး အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်း ဖြစ်ခဲ့သော China Fortune Land Development က ဗြိတိသျှ Virgin Islands တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ China Create Capital ထံတွင် အမေရိကန်ဒေါ်လာ ၃၁၃ သန်းကို ယုံကြည်စွာအပ်နှံခဲ့ပြီး ယခုအခါ ၎င်းကုမ္ပဏီကို ဆက်သွယ်၍ မရတော့ကြောင်း စတော့အိပ်ချိန်းသို့ အစီရင်ခံတင်ပြသည်။

China Create Capital ၏ ပုံသေဝင်ငွေ ငွေကြေး အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင်  ၇ မှ ၁၀ % အထိ ပြန်ရမည့် အစီအစဉ် ဖြစ်သည်။
ယခုအခါChina Create Capital ကို ဆက်သွယ်၍ မရသဖြင့် ကုမ္ပဏီနှင့် ရှယ်ယာပိုင်ရှင်တို့၏ အကျိုးကို ကာကွယ်ရန် တရုတ်ရဲတပ်ဖွဲ့ စုံစမ်းသည်ကို အပြည့်အဝ ပူးပေါင်းကူညီမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆုံးရှုံးနေသော ငွေပမာဏသည် အမြတ်အပေါ် မည်သို့ သက်ရောက်မှု ရှိမည်ကို မသိနိုင်သေးကြောင်းလည်း ဖော်ပြထားသည်။
တရုတ်ဈေးကွက်အတွင်းရှိ အခြား အိမ်ရာအဆောက်အဦ လုပ်ငန်ူများနည်းတူ China Fortune Land Development သည်လည်း အခြေအနေ ဆိုးဝါးသည့် နှစ်တစ်နှစ်ကို ဖြတ်သန်းနေသည်။ ရှန်ဟိုင်းစတော့အိပ်ချိန်းတွင် ၎င်း၏ ရှယ်ယာများ ၂၀၂၁ နှစ်စကတည်းက ၇၀% ကျော် ဈေးကျနေခဲ့သည်။

တရုတ်နိုင်ငံ အိမ်ရာအဆောက်အဦကဏ္ဍ ပြိုကျနေသဖြင့် ငွေကြေးကဏ္ဍကိုပါ ဂယက်ရိုက်ခတ်နေသည်။ ဗဟိုဘဏ်က စီးပွားရေးအတွင်းသို့ အမေရိကန်ဒေါ်လာ ၁၈၈ ဘီလျံဝန်းကျင်ရှိသော ယွမ်ငွေများ  သွန်ထည့်မည်ဟု ယခုလတွင် ထုတ်ပြန်ကြေညာထားသည်။

Region Read 552 times