အမြင့်ဆုံး မိုးထိတိုက်တာ ဆောက်လုပ်မှု ရပ်ဆိုင်းရန် အမိန့်ချ


08 July, 2021

စီမံကိန်း အရည်အသွေးအပေါ် စိုးရိမ်မကင်း ဖြစ်လာရသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး သေချာစေရန် အမြင့်မားဆုံး မိုးထိတိုက်တာ ဆောက်လုပ်ခြင်းကို တရုတ်အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။ 
အဆိုပါ တားမြစ်ချက်အမိန့်စာတွင် မီတာ ၅၀၀ ထက် ပိုမြင့်သော အဆောက်အဦ ဆောက်လုပ်ခြင်းများ အကျုံးဝင်သည်။ ထို့အတွက် National Development and Reform Commission က နို့တစ်စာကို ဇူလိုင်လ ၆ ရက်တွင်  ထုတ်ပြန်ပေးခဲ့သည်။ 


ထို့ပြင် မီတာ ၂၅၀ ထက် ပိုမြင့်သော မိုးထိတိုက်တာ ဆောက်လုပ်မည်ဆိုပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်တို့က တင်းတင်းကျပ်ကျပ်ဖြင့် ကန့်သတ်ပေးဖို့ လိုအပ်ကြောင်းလည်း နို့တစ်စာတွင် ဖော်ပြထားသည်။

ရှန်ကျန်းမြို့ရှိ ၇၂ ထပ်ပါ SEG Plaza ကို ပြီးခဲ့သည့် မေလတွင် ပိတ်ခဲ့သည်။ အဆောက်အဦသည် ဘာကြောင့်မှန်း မသိရဘဲ ယိမ်းယိုင်လှုပ်ခါမှုဖြစ်များ ဖြစ်ပေါ်ခဲ့သောကြောင့် လူအများတို့ ကြောက်လန့်တကြားဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီးသည့်နောက်တွင် ပိတ်ထားလိုက်ခြင်း ဖြစ်သည်။ 

 

အဆောက်အဦသည် မီတာ ၁၀၀ ကျော်သည်ဆိုပါက ပတ်ဝန်းကျင် မြို့အနေအထား အရွယ်အစားနှင့် တိကျစွာ လိုက်လျောညီထွေ ရှိရမည် ဖြစ်သည်။ မီးဘေးကယ်ဆယ်ရေးကို လုပ်ပေးနိုင်စွမ်းလည်း ရှိရမည်ဟု အဆိုပါ ကော်မရှင်က ညွန်ကြားထားသည်။ 

မီတာ ၅၀၀ ထက်ကျော်လွန်သော အဆောက်အဦများမှာ ကမ္ဘာပေါ်တွင် ၁၀ ခုသာ ရှိသည်။ ၅ ခုမှာ တရုတ်နိုင်ငံတွင် တည်ရှိသည်။ ၎င်းတို့မှာ 
၁။ Shanghai Tower (632m), 
၂။ Ping An International Finance Centre in Shenzhen (599m), 
၃။ CTF Finance Centre in Guangzhou (530m), 
၄။ Tianjin CTF Finance Centre (530m), 
၅။ CITIC Tower in Beijing (528m)

ကမ္ဘာအမြင့်ဆုံး အဆောက်အဦသည် ဒူဘိုင်းမြို့တွင် တည်ရှိသော Burj Khalifa ဖြစ်ပြီး အမြင့် ၈၂၈ မီတာ ရှိသည်။
 

Global Read 780 times