ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ တည်ဆောက်မည့် ချင်းရိုးရာအိမ်


15 December, 2020

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းရိုးရာအိမ်ကို အိန္ဒိယနိုင်ငံ၏ ထောက်ပံ့မှုဖြင့် ကျပ်သိန်းပေါင်း ၁၅၀၀ အကုန်ကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

အိန္ဒိယနိုင်ငံကူညီမှုဖြင့် ဖလမ်းမြို့တွင် တည်ဆောက်မည့် ချင်းရိုးရာအိမ်ကို သုံးထပ်ဖြင့်တည်ဆောက်သွားမည် ဖြစ်ပြီး ပထမထပ် အကျယ်ပေ ၁၂×၄၀ ၊ ဒုတိယထပ် အကျယ်ပေ ပေ ၁၆×၄၀ နှင့် တတိယထပ်အကျယ်ပေ၂၀ × ၄၀ ဖြင့်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 ဖလမ်းချင်းလူမှုကူမှုကူညီရေးအသင်း ဥက္ကဌ Pu Suan Za Tuang က '' ကျွန်တော်တို့ အေဆာက်အဦးအတွက် ပန္နက် ရိုက်ထားပြီးပြီ။ ဒါပေမဲ့ ဘယ်အချိန်အတိအကျ လုပ်ငန်းစမလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ ဆောက်လုပ်ဖို့ကတော့ အဆင်သင့်ရှိနေပြီ။ လုပ်ငန်းတာဝန်ယူမယ့်သူတွေနဲ့ မတွေ့သေးလို့ ဖြစ်တယ်။ ဆောက်လုပ်ဖို့ကုန်ကြမ်းတွေတော့ ရောက်ပြီ ''ဟု ပြောသည်။

 အဆိုပါ ချင်းရိုးရာအိမ်ကို Dr. Run Bik ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးသို့ အစီရင်ခံရန်ပုံငွေတောင်းခံခဲ့ကြောင်း Dr. Run Bik ကပြောသည်။

 Dr. Run Bik က '' ဒီကိစ္စဖြစ်မြောက်ရေးအတွက် ၂၀၁၇ ကတည်း ကျွန်တော်စလုပ်ခဲ့တာပါ၊ လိုအပ်တဲ့ အင်ဂျင်နီယာဆွဲပေးဖို့ကိုလည်း ကိုယ့်အိတ်စိုက်နဲ့ ကျွန်တော်စတင်ခဲ့တာ၊ ၊ ပြီးတော့အစိုးရ ထောက်ခံပေးမှုလိုတော့ ဖလမ်းလူမှုရေးအသင်းက ထောက်ခံပေးကြတယ်၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ၁ နှစ် ဒေါ်လာ ၅ သန်းထဲကနေ စတုတ္ထသုတ်အနေဖြင့် ကူညီပေးတာပါ ''ဟု ပြောသည်။

 ချင်းရိုးရာအိမ်တည်ဆောက်မည့်နေရာသည် ဖလမ်းမြို့နယ်ခမ်းမ အောက်နားတွင် နေရာသတ်မှတ်ထားကြောင်းသိရသည်။

Residential Read 206 times