တင်ဒါချေးငွေပြန်မဆပ်သည့်ကုမ္ပဏီ ခြောက်ခုကို ၂၁ ရက်အတွင်း မဖြေရှင်းပါက အရေးယူမည်ဟု ကြေညာ


11 December, 2021

တင်ဒါချေးပြန်မဆပ်သည့်ကုမ္ပဏီ ခြောက်ခုကို ၂၁ ရက်အတွင်း မဖြေရှင်းပါက အရေးယူမည်ဟု ကြေညာ


တင်ဒါချေးငွေ ကျပ် ၁ ဒသမ ၃ ဘီလျံကျော် ပြန်မဆပ်သည့်ကုမ္ပဏီ ခြောက်ခုအား ၂၁ ရက်အတွင်း မဖြေရှင်းပါက အရေးယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ခံ CHID ဘဏ်က ကြေညာသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) က ဒီဇင်ဘာ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီခြောက်ခုမှာ

Golden Time ကုမ္ပဏီလီမိတက်၊

ဂန္ဓဝင်မေကုမ္ပဏီ၊

ရွှေထူးမင်းကုမ္ပဏီ၊

Hope Light ကုမ္ပဏီ၊

ရွှေပြည်မင်းခေါင်ကုမ္ပဏီ၊

အောင်ကံပွင့်ကုမ္ပဏီ တို့ဖြစ်ပြီး

ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ ရာထူးနှင့် အမည်များကိုပါ ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကုမ္ပဏီများမှာ ဘဏ်သို့ ချေးငွေများပေးဆပ်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြောင်း၊ ချေးငွေစည်းကမ်း လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းနှင့် ချေးငွေကြွေးကျန်များကို ပေးဆပ်ရန်ကာလ ကျော်လွန်ခဲ့ခြင်းများအပေါ် ဘဏ်မှ အကြိမ်ကြိမ်ညှိနှိုင်း စောင့်ဆိုင်းပေးခဲ့သော်လည်း ချေးငွေများကို ပေးဆပ်ရန် ပျက်ကွက်ခဲ့သည်ဟု CHID ဘဏ်က ကြေညာသည်။

ယင်းကြောင့် တင်ဒါချေးငွေများ ပေးဆပ်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ကြော်ငြာပါသည့်နေ့မှစပြီး ၂၁ ရက်အတွင်း ချေးငွေကြွေးကျန်များကို ပေးဆပ်ရန်နှင့် ပျက်ကွက်ပါက တရားဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း CHID ဘဏ်က ထုတ်ပြန်ထားသည်။

ချေးငွေပေးဆပ်ရန် ကျန်ရှိသည့်ကုမ္ပဏီများ၏ ကြွေးကျန်မှာ

Golden Time ကုမ္ပဏီအနေဖြင့် ကျပ် ၇၈၄ ဒသမ  ၀၆ သန်း၊

ဂန္ဓဝင်မေကုမ္ပဏီအနေဖြင့် ကျပ် ၁၈၆ ဒသမ ၂၁ သန်း

၊ ရွှေထူးမင်းကုမ္ပဏီအနေဖြင့် ကျပ် ၈ ဒသမ ၄၀ သန်း၊

Hope Light ကုမ္ပဏီအနေဖြင့် ကျပ် ၃၁၁ ဒသမ ၂၈ သန်း၊

ရွှေပြည်မင်းခေါင်ကုမ္ပဏီအနေဖြင့် ကျပ် ၄၇ ဒသမ ၂၄ သန်း၊

အောင်ကံပွင့်ကုမ္ပဏီအနေဖြင့် ကျပ် ၅၁ ဒသမ ၈၅ သန်းဖြစ်ကြောင်း

ထုတ်ပြန်ချက်အရ သိရသည်။

Local Read 828 times