ဂေါ်ရန်ဂျီကျွန်းတွင် ချောင်းဝတံတား တည်ဆောက်မှု စတင်


11 January, 2021

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကိုဆက်သွယ်ပေးမည့်  ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းရှိ ရေလယ်တိုင် ဘိုးပိုင်တူးခြင်းလုပ်ငန်းများနှင့် ဂေါ်ရန်ဂျီကျွန်းဘက် ကမ်းရှိ ဖောင်ဒေးရှင်းလုပ်ငန်းများကိုယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ချောင်းဝတံတား၏ အပေါ်ထည်အမျိုးအစားမှာ PC Girder ၊ RC Girder & RC Slab ဖြစ်ပြီး၊ တံတား၏ကိုယ်ထည်မှာ RC ကွန်ကရစ် အမျိုးအစားဖြစ်ကာ တံတားအောက်ခံအုတ်မြစ်မှာ ဘိုးပိုင် အမျိုးအစားဖြစ်သည်။ အရှည်မီတာ (၂၀) ရှိသော တံတားခန်းဖွင့် (၁၂) ခန်းနှင့် အရှည်မီတာ (၃၀) ရှိသော တံတားခန်းဖွင့် ငါးခန်း ပါဝင်သည်။
တံတားအရှည် စုစုပေါင်းပေ (၁၂၈၀) ရှိမည်ဖြစ်ပြီး ယာဉ်သွားလမ်း အသွား တစ်လမ်း၊ အပြန် တစ်လမ်းပါဝင်သော အကျယ် (၂၄) ပေ ရှိသည့် နှစ်လမ်းသွားတံတားဖြစ်ကာ လူသွားလမ်းအကျယ် တစ်ဖက် လျှင် သုံးပေ ခြောက်လက်မစီ ပါဝင်ကြောင်း၊ ရေလမ်းကင်းလွတ် အမြင့် (၁၂ ဒသမ ၂) မီတာ နှင့် အကျယ် (၂၅ ဒသမ ၅) မီတာရှိ၍ တံတားခံနိုင်ဝန်မှာ ခွင့်ပြု အလေးချိန် (ယာဉ်+ကုန်) တန် (၆၀) ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခန့်မှန်းတန်ဖိုး ငွေကျပ် သန်းပေါင်း (၇၀၄၀) အကုန်အကျခံ တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ ချောင်းဝတံတားတည်ဆောက်ရေးစီမံကိန်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်၌ တည်ရှိပြီး လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်ရာ ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ဂွမြို့နယ်အထိ  ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်းအား လမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကြောင့် ကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတား ဆောင်ရွက်ပြီးစီးပါက ငရုတ်ကောင်းတောင်ဘက်ပိုင်းရှိ ဂေါ်ရန်ဂျီကျွန်းအထိကို လမ်းများတစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေ ကျပ်သန်းပေါင်း (၅၅၀) ရရှိခဲ့ရာ ငရုတ်ကောင်း ဘက်ကမ်းရှိ A1၊P1၊ P2 နှင့် P3 အပါအဝင် CROSS  BEAN လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ လုပ်ငန်းများဆက်လက် ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ငွေကျပ်သန်းပေါင်း  (၂၁၀၆ ဒသမ ၅) သန်း ရရှိထားသောကြောင့် ယခုလအတွင်း  ရေလယ်တိုင်ဘိုးပိုင် တူးဖော်ခြင်းလုပ်ငန်းများနှင့် ဂေါ်ရန်ဂျီကျွန်း ဘက်ကမ်းရှိ ဖောင်ဒေးရှင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအား၂၀၂၀ ပြည့်နှစ် မတ် (၁) ရက်က စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

 

The Mirror Daily

 

Region Infrastructure and Zones Read 1345 times