ကွန်ဒိုဈေးကွက်ကို စီမံခန့်ခွဲရေးကော်မတီက အထောက်အကူ ပြုလာနိုင်မလား


08 December, 2019

ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေ ထွက်ရှိပြီးနောက် ဥပဒေကို အသက်သွင်းဖို့ လိုအပ်နေတဲ့ စီမံခန့်ခွဲရေး

ကော်မတီကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

စီမံခန့်ခွဲရေးကော်မတီက အသစ်ဆောက်မယ့် အဆောက်အအုံတွေအပြင် ဥပဒေမထွက်ပေါ်သေးခင် ဆောက်လုပ်ခဲ့တဲ့ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ အဆောက်အအုံတွေကိုပါ စုပေါင်းပိုင်အဆောက်အအုံရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်ရင် မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးနေပါတယ်။


 

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးတွေကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုတို့မှာ ဇန်နဝါရီ ၅ ရက်ကစပြီး ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါတယ်။


 

လက်ရှိမှာတော့ ဆောက်လုပ်ဆဲနဲ့ ဆောက်လုပ်ပြီး အဆောက်အအုံတွေမှတ်ပုံတင်ခြင်းကို ဦးစားပေး လုပ်ဆောင်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ လာရောက်လျှောက်ထားသူ ၄၀ ကျော်ထိ ရှိနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်သူ ဦးမျိုးမြင့်က ဆိုပါတယ်။


 

" ဇန်နဝါရီလအစမှာ ကော်မတီကို စဖွဲ့ခဲ့ပြီး အခုအချိန်မှာတော့ အဖွဲ့ ၁၃ ခုကို လိုင်စင်ပေးဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ စီမံခန့်ခွဲရေးကော်မတီ ထွက်လာရင်တောင် လုပ်ငန်းတွေ ကောင်းကောင်း လည်ပတ်နိုင်ဖို့ အချိန်ခြောက်လလောက် ယူရဦးမယ်လို့ အရင်ကလည်း ပြောခဲ့ဖူးတာရှိပါတယ်။ အခုကတော့ တော်တော် မြန်မြန်ဆန်ဆန်ကို သွားနေပါတယ် " လို့ ဦးမျိုးမြင့်က ဆိုပါတယ်။


 

တချို့အချက်အလက်တွေက ဥပဒေနဲ့ နည်းဥပဒေမှာ မပါဝင်တဲ့အတွက် ရေရှည်လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေစေနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေရတာတွေလည်း ရှိနေသေးတယ်လို့ ၎င်းကဆိုပါတယ်။


 

လုပ်ငန်းလုပ်ဆောင်ရာမှာ အဆင်ပြေမြန်ဆန်စေရေးအတွက် တရားဝင်ဖွဲ့စည်းချက် မထုတ်ပြန်ရသေးခင် ဒီဇင်ဘာ ၂၄ ရက်ကစတင်ပြီး လျှောက်လွှာတွေကို ရောင်းချခဲ့ပြီးဖြစ်တယ်လို့လည်း ဦးမျိုးမြင့်က ဆိုပါတယ်။ 


 

စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်မယ်ဆိုရင် ပထမဆုံး လုပ်ငန်းလိုင်စင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ပြီး အဆောက်အအုံတည်ဆောက်မယ့် မြေကိုလည်း စုပေါင်းပိုင်မြေအဖြစ် စွန့်လွှတ်ထားပြီးဖြစ်ကြောင်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားပြီး ဖြစ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိ ဦးဝေစံသိန်းက ပြောပါတယ်။


 

" လုပ်ငန်းလိုင်စင် လျှောက်ထားရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလိုင်စင်ကြေးကို ပေးသွင်းရမှာဖြစ်ပါတယ်။ လိုင်စင်က သီးသန့်လျှောက်ရမှာဖြစ်ပြီး သက်တမ်းက ငါးနှစ်ဖြစ်ပါတယ် " လို့ ၎င်းက ပြောပါတယ်။


 

အဆောက်အအုံ ၃၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးပါက ကြိုပွိုင့်တွေကို စတင်ရောင်းချနိုင်မှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းပြီးစီးကြောင်း သက်သေအထောက်အထားတွေနဲ့အတူ အခန်းရောင်းချခွင့်အတွက် မှတ်ပုံတင်ရုံးမှာ တောင်းခံရမှာ ဖြစ်ပါတယ်။


 

ရောင်းချပြီး တိုက်ခန်းတွေကို ဝယ်သူတွေဆီ အပ်နှံပြီးတဲ့အခါ ဝယ်ယူထားတဲ့အခန်းတွေရဲ့ စာရင်းကို မှတ်ပုံတင်ရုံးကို တင်ပြရမှာဖြစ်ပြီး တစ်ဦးချင်း အတွက် မှတ်ပုံတင်လက်မှတ်တွေထုတ်ပေးမှာ ဖြစ်တယ်လို့ ဦးဝေစံသိန်းက ပြောပါတယ်။


 

ဒါ့ပြင် အိမ်ခန်း ပြန်လည်ရောင်းချတဲ့အခါနဲ့ တခြားတစ်ယောက်ကို ပြန်လည် လွှဲပြောင်းတဲ့အခါတွေမှာလည်း လက်ရှိပိုင်ရှင်ရဲ့ အမည်ပေါက်အဖြစ် မှတ်ပုံတင်လက်မှတ်ကို ပြောင်းလဲထုတ်ပေးမှာပဲဖြစ်ပါတယ်။


 

တိုက်ရိုက်ဝယ်ယူတာပဲဖြစ်ဖြစ်၊ တစ်ဆင့်ဝယ်ရောင်းတဲ့အခါဖြစ်ဖြစ် နိုင်ငံခြားသားကို ရောင်းချပိုင်ခွင့် ၄၀ ရာခိုင်နှုန်းမပြည့်မချင်း ဘယ်သူ့ကိုမဆိုပြန်လည်ရောင်းချခွင့်ရှိကြောင်း ဦးဝေစံသိန်းက ပြောပါတယ်။ 


 

"၄၀ ရာခိုင်နှုန်းထက်ကျော်ပြီး ရောင်းလို့မရအောင် ကျွန်တော်တို့ မှတ်ပုံတင်ရုံးက ထိန်းချုပ်သွားမယ်။ ဘယ်သူပဲရောင်းရောင်း ကျွန်တော်တို့ဆီကိုလာပြီး အသိပေးရမယ်"လို့ ဦးဝေစံသိန်းက ပြောပါတယ်။


 

လက်ရှိလုပ်ငန်းလုပ်ဆောင်နေကြသူတွေအနေနဲ့ အရင်ခေတ်အဆက်ဆက်က လုပ်ထုံးလုပ်နည်းတွေနဲ့ ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေက မပြည့်စုံမှုတွေရှိနေနိုင်တဲ့အတွက် သတ်မှတ်ထားတဲ့ မူဘောင်နဲ့ မကိုက်ညီတာတွေကို အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးတာတွေရှိရင်တော့ လုပ်ငန်းဆောင် ရွက်ရာမှာ ပိုမိုအဆင်ပြေလာနိုင်မယ်လို့ ဦးကျော်စည်သူက ဆိုပါတယ်။


 

"ကွန်ဒိုနည်းဥပဒေအတွက် စီမံခန့်ခွဲရေးကော်မတီလည်း ထွက်ပေါ်လာပြီးဖြစ်တဲ့အတွက် အစိုးရက လာမယ့်ဘဏ္ဍာနှစ်မှာ အခွန်နှုန်းထားတွေကို လျှော့ချပေးမယ်ဆိုရင် ၂၀၁၉ ခုနှစ်အတွင်းမှာ အိမ်ခြံမြေဈေးကွက် ပိုမိုကောင်း မွန်လာနိုင်ဖို့ မျှော်လင့်ထားတယ်"လို့ ဦးကျော်စည်သူက ပြောပါတယ်။


 

ကွန်ဒိုတွေအတွက် စီမံခန့်ခွဲရေးကော်မတီထွက်ပြီးနောက် ရိုးရိုးတိုက်ခန်း တွေအတွက်ပါ ဥပဒေတစ်ခု ထပ်ထွက်လာခဲ့မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့ များစွာ အထောက်အကူ ပြုနိုင်တယ်လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

Real Estate & Properties Read 47 times