အိမ်ဂရန်ကို အပေါင်ထားကာငွေချေးယူထားပြီး ပြန်မဆပ်နိုင်ပါက အိမ်ကိုသိမ်းဆည်းနိုင်ပါသလား


11 December, 2019

အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာလား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင်ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လားဆိုတဲ့အပိုင်းလေးတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။

သို့သော် အပေါင်ထားပြီး ငွေချေးတဲ့အခါမှာ အတိုးမပါဘဲနဲ့ ပြန်ဆပ်ခိုင်းတဲ့ အခါမျိုး ကျရင်လည်း သူ့ကို တရားလမ်းကြောင်းအရ တရားစွဲဆိုပြီး မြေကို လက်ရောက်ရလို့မှုတွေနဲ့ စွဲသွားရင် အိမ်ပါသွား နိုင်ပါတယ်။ ဘဏ်ဆိုရင်တော့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းအရ အိမ်ကို သိမ်းပိုင်ခွင့်ရှိပါတယ်။ ဘဏ်က ထိန်းသိမ်းထားမှာမဟုတ်ဘဲ ဒီအိမ်ကို ချိတ်ပိတ် သိမ်းဆည်း ပြီးတော့ လေလံပစ်ပြီး ဘဏ်က ငွေပြန်ရအောင် ယူမှာပါ။
 
ပုဂ္ဂလိက အနေနဲ့ကတော့ အသေးစားငွေရေးကြေးရေး အဖွဲ့များ ဥပဒေအရတော့ သူသည် ငွေချေးပိုင်ခွင့်ရှိရင်လည်း တရားမ ဥပဒေများအရ ဒီမြေနဲ့ အိမ်ကို လက်ရောက်ယူမှု တရားမကြောင်းစွဲ ပြီးလုပ်ပါလိမ့်မယ်။ ရပ်ကွက် ထဲမှာ ကိုယ့် အချင်းချင်း အပေါင်ထားတဲ့ ကိစ္စကတော့ နဂိုတည်းက ဥပဒေက ခွင့်မပြုထားတဲ့ကိစ္စကို လုပ်ထား တာဖြစ်တဲ့အတွက် ပေါင်သူကော အပေါင်ခံသူကော နှစ်ယောက်စလုံးက ဥပဒေကို ကျုးလွန်နေကြတာ ဖြစ်လို့ ဒီကိစ္စအပေါ်မှာ ဝေဖန်ချက် မပေးလိုပါဘူး။

နည်းနည်းလေးဖြည့်ပြောချင်တာက ဂရန်ကို ပေါင်ထားတယ်ဆိုရင် ဂရန်မှာပါတဲ့စည်းကမ်းချက်တွေကို ဖတ်ကြည့်ပါ။ ဂရန်ထုတ်ပေးတဲ့ ကောလိတော် အရာရှိရဲ့ ခွင့်ပြုချက်မရရှိဘဲ ဘာတွေမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပါပါတယ်။ အဲဒီတားမြစ်ချက်ကို လုပ်လိုက်တာနဲ့ ကောလိတော် အရာရှိက အဲဒီသူ့ဂရန်ကို ဖျတ်သိမ်းပြီး မြေပေါ်က နှင်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါကိုလည်း ဂရန်ရတဲ့ သူတွေအနေနဲ့ သိထားဖို့ လိုပါတယ်။

Region Laws and Regulations Read 103 times