Business Sentiment Survey (Speech by U Moe Kyaw)


05 December, 2020

၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပပြုလုပ်ခဲ့သည့် B4B Insight Forum (2nd Quarter) မှာ အသင်းချုပ်ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် MMRD Co., Ltd. တို့ပူးပေါင်းကောက်ယူထားတဲ့ Myanmar Business Sentiment Survey ရဲ့တွေ့ရှိချက်တွေကို အသင်းချုပ်ဗဟိုအလုပ်အမှုဆောင်နှင့် MMRD Chairman ဖြစ်သူ ဦးမိုးကျော်မှ ရှင်းလင်းတင်ပြခဲ့ပါတယ်။

“Business Sentiment Survey ကတော့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများရဲ့ လက်ရှိအခြေအနေများကို ဆန်းစစ်လေ့လာဖော်ပြခြင်းဖြစ်ပါတယ်။ ယခုဒုတိယအကြိမ်စစ်တမ်းမှာ စီးပွားရေးလုပ်ငန်း ၃၁,၅၅၂ မှဖြေဆိုတဲ့ ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်/သွင်းကုန်ကဏ္ဍတို့မှ လုပ်ငန်းပေါင်း ၂၅၃၅ခုရဲ့ ဖြေဆိုချက်တွေကို အခြေခံပြီးတွက်ချက်ထားတာကြောင့် လက်ရှိလုပ်ငန်းများရဲ့ အခြေအနေများကို တိကျစွာ ပို၍ထင်ဟပ်စေပါတယ်” လို့ ဦးမိုးကျော်မှ ပြောကြားခဲ့ပါတယ်။

 လက်ရှိစီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း စီးပွားရေးလုပ်ငန်းရှင်တွေကို မိမိရဲ့စီးပွားရေးဟာ အလွန်ဆိုးရွားနေလား၊ ဆိုးရွားနေလား၊ ပုံမှန်မတက်မကျပဲလား၊ ကောင်းနေလား၊ အလွန်ကောင်းနေလား ဆိုတဲ့မေးခွန်းများဖြင့် လွန်ခဲ့တဲ့ ၃လ 1st Quarter ကမေးပြီးရရှိခဲ့တဲ့ဖြေဆိုမှုနဲ့ ယခုဖြေဆိုမှုတွေကို နှိုင်းယှဉ်ဖော်ပြပေးခဲ့ပါတယ်။ အဆိုပါဖော်ပြချက်ကတော့ -

 

First Quarter

Second Quarter

Very Bad

3%

4%

Bad

12%

20%

Neither Well nor Bad

54%

59%

Well

28%

15%

Very Well

3%

1%

 

၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ်သုတေသနစစ်တမ်းရဲ့တွေ့ရှိချက်အရ ပြည်တွင်းစီးပွားရေးအခြေအနေများဟာ ပထမအကြိမ်သုတေသနစစ်တမ်းရဲ့ တွေ့ရှိချက်အခြေအနေများထက်ပိုပြီး ဆိုးရွားစွာကျဆင်းနေတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင်ပြုလုပ်ခဲ့သော သုတေသနရလဒ်များဖြင့်နှိုင်းယှဉ်ပါက ပြည်တွင်းစီးပွားရေးဟာ ယခုနှစ် ၂၀၁၈ ခုနှစ်တွင် အဆိုးရွားဆုံးကျဆင်းလျက်ရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်မြောက်စစ်တမ်းအရ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ အခြားစီးပွားရေးကဏ္ဍများထက် ပိုမိုဆိုးရွားစွာကျဆင်းလျက်ရှိနေတာကို တွေ့ရပါတယ်။         

ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာမှာ ငွေလဲလှယ်မှုနှုန်းထားမတည်ငြိမ်တာကြောင့် အခက်အခဲများကြုံတွေ့နေရသလို စစ်တမ်းရဲ့တွေ့ရှိချက်အရ ဒေါ်လာသုံးစွဲမှုရဲ့ ၅၂ ရာခိုင်နှုန်းဟာ ကုန်ပစ္စည်းနဲ့ ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းနေခြင်းမှဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲဖြစ်နေတာကိုတွေ့ရှိရပါတယ်။

ဝန်ဆောင်မှုအခန်းကဏ္ဍမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ အခက်တွေ့ကြုံပြီး လုပ်ငန်းများကျဆင်းလျက်ရှိနေတာကို တွေ့ရပါတယ်။ ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်း၊ အခွန်အခနှင့် ဘဏ်အတိုးနှုန်းများမြင့်တက်လာခြင်းတွေဟာ ဝန်ဆောင်မှုအခန်းကဏ္ဍရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဖြစ်တာကို တွေ့မြင်ရပါတယ်။

ပို့ကုန်အခန်းကဏ္ဍရဲ့ အဓိကရင်ဆိုင်နေရတာကတော့ ဝယ်လိုအားလျော့နည်းလာခြင်း၊ အထူးသဖြင့်ပြည်ပသို့ ဆန်တင်ပို့မှုလျော့နည်းလာခြင်း၊ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှုရပ်ဆိုင်းသွားခြင်း၊ အခွန်အခများ တိုးမြင့်လာခြင်းနှင့် စားသုံးသူများရဲ့ ရွေးချယ်ပိုင်ခွင့်များပြားလာခြင်း စတဲ့အခက်အခဲတွေဖြစ်ပြီး၊ သွင်းကုန်ကဏ္ဍမှာတော့ လုပ်ငန်းလည်ပတ်မှုစရိတ်မြင့်တက်လာခြင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုများခြင်း နှင့် အခွန်အခတိုးမြင့်လာခြင်းတို့လို ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နောင်လာမယ့် ၁၂ လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများတိုးတက်လာမယ်လို့ ယုံကြည်ချက်ရှိမရှိ မေးမြန်းစစ်တမ်းကောက်ယူခဲ့မှုအပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်တို့ဟာ ယခင်နှစ်ထက်စာလျှင် ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းများတိုးတက်လာနိုင်မှုနှင့်စပ်လျဉ်း၍ ယုံကြည်ချက်ကျဆင်းလာတာကို တွေ့မြင်ရပြီး ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်လျှင်လည်း ယခု ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်စစ်တမ်းအထိ တဖြည်းဖြည်းယုံကြည်မှုများကျဆင်းလာတာကို အထင်အရှားတွေ့မြင်ရပါတယ်။

နောင်လာမယ့် ၃ လအတွင်း ကျပ်ငွေတန်ဖိုးဆက်လက်ကျဆင်းနေမှာလား ဟူသောမေးခွန်းဖြင့် စစ်တမ်းကောက်ယူခဲ့မှုအပေါ်တွင်တော့ ဖြေဆိုသူရဲ့ ၁၈ ရာခိုင်နှုန်းဟာ နောက် ၃ လအတွင်း ကျပ်ငွေတန်ဖိုးဆက်လက်ကျဆင်းနေမည်ဟု ခန့်မှန်းထားသလို စီးပွားရေးလုပ်ငန်းရှင်အများစုကတော့ အဆိုပါကိစ္စကိုအချိန်မီဖြေရှင်းနိုင်ရန် ဗဟိုဘဏ်အနေဖြင့် ထိန်းချုပ်မှုတစ်ခုခုပြုလုပ်သင့်တယ်လို့ ထင်မြင်ချက်ပေးခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်ရာတွင် အကောင်းဆုံးနှုန်းထားမှာ တစ်ဒေါ်လာလျှင် ၁၀၀၀ ကျပ်အောက်မှ အများဆုံး ၁၃၀၀ ကျပ်ဝန်းကျင်ထိသာ ရှိသင့်တယ်လို့ ပြည်တွင်းလုပ်ငန်းရှင်အများစုက စစ်တမ်းတွင် အကြံပြုဖြေဆိုခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်မြောက်စစ်တမ်းတွင်လည်း အစိုးရအနေဖြင့် အခွန်ဥပဒေနှင့်ပတ်သက်၍နားလည်သဘောပေါက်မှု အားနည်းနေဆဲဖြစ်ကြောင်းတွေ့ရှိရပါတယ်။ စစ်တမ်းအရ တရားမဝင်ငွေကြေးဈေးကွက်မှ ရရှိတဲ့နိုင်ငံခြားငွေရဲ့ ၃၂ ရာခိုင်နှုန်းကို တရားမဝင်ကုန်သွယ်မှုမှ ရရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဖြေဆိုခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဒုတိယအကြိမ်မြောက်စစ်တမ်းရဲ့ အဓိကရှာဖွေတွေ့ရှိချက်များကတော့ -

(၁) လွန်ခဲ့သော ၃ နှစ်ခန့်မှစတင်၍ စီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ယခု ၂၀၁၈ ခုနှစ်ဟာ စီးပွားရေးအကျဆင်းဆုံးနှစ်ဖြစ်နေတာကို ဒုတိယအကြိမ်စစ်တမ်းကောက်ယူမှုရဲ့ ဖြေဆိုမှုများအရ သိရှိရပါသည်။

(၂) မြန်မာ့ငွေကြေး (ကျပ်ငွေ) တန်ဖိုးကျဆင်းမှုသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေပါသည်။

(၃) “ဗဟိုဘဏ်သည် ယုံကြည်မှုများရရှိရန်အတွက် ၎င်းတို့ရဲ့အာဏာကို အပြည့်အဝအသုံးချနေခြင်းမရှိ” ဟူ၍အဖြေထွက်လာပါသည်။

(၄) နောင်လာမည့် ၁၂ လအတွင်း မိမိတို့ရဲ့စီးပွားရေးများ တိုးတက်လာမည်ဆိုသော စီးပွားရေးလုပ်ငန်းရှင်များရဲ့ ယုံကြည်ချက်မှာလည်း တဖြည်းဖြည်း ဆက်လက်ပျောက်ကွယ်လာပါသည်။

(၅) ယုံကြည်ချက်ပျောက်ရခြင်းရဲ့ အချက် (၅) ချက်မှ (၃) ချက်မှာ အခွန် ကြောင့်ဖြစ်ပါသည်။

(၆) စီးပွားရေးပြန်လည်တိုးတက်ကောင်းမွန်စေရန် ဗဟိုဘဏ်အနေဖြင့်ကူညီလုပ်ဆောင်ပေးရမည့် အဓိကအချက် (၅) ချက်မှာ -

- Kyat Depreciation
- Financing and Banking
- Taxation and Tariffs
- Unstable Rules and Regulations
- Market Demand

(၇) UMFCCI မှာကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲနှင့် ယခုတင်ပြခဲ့တဲ့ စစ်တမ်းကောက်ယူမှုများအရ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ ဆိုးရွားစွာကျဆင်းနေသော အခြေအနေဖြစ်၍ ပြန်လည်ကောင်းမွန်လာစေရန် ရှင်းလင်းပြတ်သားသော အကြံပြုချက်များကို တင်ပြအပ်ပါသည်။

Events Read 74 times