သတင်းမီဒီယာသမားများ အသုံးပြုနိုင်ရင် Information Center နေပြည်တော်ဝင် တည်ဆောက်


01 March, 2020

သတင်းမီဒီယာသမားများ အသုံးပြုနိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေပြည်တော် မြို့မဈေးပွဲရုံတန်းရှိ မြေကွက်လပ်၌ Information Center (Naypyitaw)ကို စတင်တည်ဆောက်လျက်ရှိကြောင်း ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး၏ ပြောကြားချက်အရ သိရသည်။ 


“ဒီစင်တာမှာ ဝန်ကြီးဌာနတွေ၊ လွှတ်တော်တွေကနေ သတင်းရယူပြီး ပြန်လာတဲ့ သတင်းထောက်တွေ တစ်စုတစ်စည်းတည်း ဆုံလို့ရအောင်၊ ဒီမှာပဲ သတင်းလုပ်လို့ရအောင် အဲဒီ မှာ တည်းဖြတ်လို့ရအောင်၊ သတင်းပို့ လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးတာပါ။

 

ဒီအဆောက် အအုံကို နိုင်ငံတော်ရဲ့ ငွေနဲ့ တည်ဆောက်မှာ မဟုတ်ပါဘူး။ အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့တည်ဆောက်မှာပါ။ အလှူရှင်တွေက အဆောက်အအုံအတွက် စည်ပင်ကို လှူတယ်။ မြေနေရာနဲ့ အဆောက် အဦက စည်ပင်သာယာပိုင်ဖြစ်မှာပါ။ အဆောက်အအုံ ဒီဇိုင်းဆွဲပြီးတော့ စည်ပင် EC ကို တင်ပြပြီးပါပြီ။ ခွင့်ပြုချက်လည်း ရရှိပြီးပါပြီ” ဟု ဦးရဲမင်းဦး က ပြောသည်။

 

အဆိုပါအဆောက်အအုံကို မေ ၂၁ ရက်မှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီအဆောက်အအုံက သုံးထပ်အဆောက်အအုံပါ။ မြေညီထပ်နဲ့ ပထမထပ်က သတင်းထောက်တွေ အတွက် ဖြစ်ပါတယ်။ Hall Type ဆောက်လုပ်ပေးသွားမှာပါ။ Hall Type ဆိုတော့ တည်းဖြတ်တဲ့အခန်း လေးတွေ၊ Studio အခန်းလေးတွေ လည်း လုပ်လို့ရပါတယ်။ အပေါ်ဆုံး အထပ်ကိုတော့ စည်ပင်က ထုတ်လွှင့်နေတဲ့ တီဗီချန်နယ်တွေအတွက် ငွေသွင်းတာ၊ သက်တမ်းတိုးတဲ့ကောင်တာနဲ့ စည်ပင်က ရိုက်ကူးရေး ဝန်ထမ်းတွေအတွက် အသုံးပြုမှာပါ။

 

အစိုးရပိုင်ဆိုတော့ ဒီအတိုင်းတော့ပေးလို့မရဘူး။ နှုန်းထားသတ်မှတ် ပြီးတော့ သတင်းမီဒီယာသမား အစု ' အဖွဲ့ကို သုံးနှစ်ဆို သုံးနှစ်၊ ငါးနှစ်ဆို ငါးနှစ် ဥပဒေအရ ခိုင်မာအောင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး စာချုပ် ချုပ်ပြီး ငှားရမ်းပေးမှာပါ။

 

ငှားရမ်း ပြီးတဲ့အခါ စည်ပင်အနေနဲ့ ထိန်းချုပ် တာမျိုးတွေ မရှိဘဲ လွတ်လွတ် လပ်လပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရပိုင်ဖြစ်တဲ့အတွက် စာချုပ်ချုပ်ဆိုတဲ့အခါမှာ ရာဇဝတ်မှု တွေ၊ ခိုက်ရန်ဖြစ်တာတွေနဲ့ အခြား သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ တော့ပါမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

“အဆောက် အအုံ အကျယ် အဝန်းက ပေလေးဆယ် ပတ်လည် သုံးထပ်အဆောက်အအုံ ဖြစ်ပါတယ်။ Information Ceter ဖြစ်တဲ့အတွက် အခြားအဆောက်အအုံတွေနဲ့ မတူအောင် အဆောက်အအုံ ဒီဇိုင်းကို ဆန်းသစ်တဲ့အသွင်နဲ့ တည်ဆောက် သွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက ပြောသည်။

 

အဆိုပါ အဆောက်အအုံကို သတင်းမီဒီယာသမားများ သာမက ကဗျာဆရာများနှင့် စာပေပညာရှင် များ၏ တွေ့ဆုံပွဲများ၊ ပန်းချီပြပွဲ များ၊ ဓာတ်ပုံပြပွဲများ၊ သတင်းပညာ ဆိုင်ရာ သင်တန်းများလည်း ကျင်းပ နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အအုံ တည်ဆောက်မှု အတွက် ငွေကျပ်သိန်း ၁၆၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ 

 

ယခုစတင်တည်ဆောက်နေသည့် Information Ceter selge Media Village ကို နေပြည်တော်၌ တည်ဆောက်နေသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ဝန်ထမ်းအိမ်ရာအနီး ဧက ၂၀ အကျယ်အဝန်းပေါ်၌ တည်ဆောက်ရန် လျာထားပြီး အဆိုပါ Media Village တွင်သတင်း၊ မီဒီယာဌာနများ၏ ရုံးခန်းများ၊ သတင်းမီဒီယာ သင်တန်းကျောင်း၊ သတင်းမီဒီယာကောင်စီရုံးခန်း၊ စားသောက်ဆိုင်များ၊ စာကြည့်တိုက်နှင့် မြန်မာ့မီဒီယာ ပြတိုက်တို့ကို ထည့်သွင်းဆောက်လုပ် သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

Office and Retail Read 97 times