အမှာစာ ၅၀,၀၀၀ စောင့်နေတဲ့ ဘောက်စ်အိမ်


09 August, 2021

စက်ရုံမှာ ထုတ်လုပ်ပြီး လိုအပ်သလို တပ်ဆင်ကာ ဆောက်လုပ်တဲ့ ပရီဖက်ဘ် prefab  အမျိုးအစား ကန်ဒေါ်လာ ငါးသောင်းတန် လုံးချင်းအိမ်တွေ ဝယ်ယူလိုသူ များပြားလို့ စောင့်ဆိုင်းနေတဲ့ အမှာစာ ငါးသောင်းကျော် ရရှိထားပြီးပြီလို့ ဖရီဖက်ဘ် လုံးချင်းအိမ် ထုတ်လုပ်သူ Boxabl  က ဆိုပါတယ်။ 

 

အသင့်ထုတ်လုပ်ပြီး အစိတ်အပိုင်းများဖြင့် ဆောက်လုပ်တဲ့စနစ် prefabricated system နဲ့ အိမ်အစိတ်အပိုင်းတွေ ထုတ်လုပ်ပြီး ရောင်းချကြတာမှာ အောင်မြင်မှု ရဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ 

 အမေရိကန်နိုင်ငံ လပ်စ်ဗေးဂတ်စ်မြို အခြေစိုက် လုပ်ငန်း Boxabl က ကာစီတာ Casita ဆိုတဲ့အမည်ဖြင့် လုံးချင်းအိမ်တစ်မျိုးကို ကန်ဒေါ်လာ ၄၉,၅၀၀ စက်ရုံထုတ်ဈေးသတ်မှတ်ပြီး ရောင်းချခဲ့တာမှာ အခုလို အမှာစာတွေ တစ်သိန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ရဲ့ ကြမ်းခင်းဧရိယာက ၃၇၅ စတုရန်းပေ ရှိပါတယ်။ အိမ်အသေးစားဖြစ်ပေမဲ့ အိမ်ထဲမှာ ပြည့်ပြည့်စုံစုံ ဖြစ်နေအောင် ကြံစည်စိတ်ကူးပြီး ဒီဇိုင်းထုတ်ထားတယ်။ အိပ်ခန်း၊ ရေချိုးခန်းအိမ်သာ၊ နားနားနေနေ ထိုင်ဖို့အခန်း၊ မီးဖိုချောင်တို့ ပါဝင်တယ်။ အရသာကတော့ တိုက်ခန်းအိမ်ရာ တိုက်တာမှ တိုက်ခန်း တစ်ခုမှာ နေရတဲ့ အရသာမျိုး ဖြစ်ပါလိမ့်မယ်။ 

အိမ်လေးက နေချင်စရာလေးမို့လို့ လိုချင်စရာကောင်းနေတယ်။ Tesla လျှပ်စစ်ကားနဲ့ SpaceX  အာကာသယာဉ် လုပ်ကိုင်သူ အီလွန်မတ်စ် Elon Musk က သူ့ရဲ့ အာကာသယာဉ်စခန်းမှာ သူအလုပ်လုပ်တဲ့အခါ နေဖို့ တစ်လုံး မှာယူလိုက်လို့ ပိုသတင်းကြီးသွားပြီး အမှာစာတွေ တိုးသွားခဲ့တယ်။  Boxabl မှ ထုတ်လုပ်တဲ့ ကာစီတာအမျိုးအစား လုံးချင်းအိမ်ကို အီလွန်မတ်စ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအိမ်ကလေး တွစ်တာပေါ် တင်လိုက်တာမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ အိမ်ကြီးရခိုင်တွေ မရေမတွက်နိုင်အောင် ဝယ်နိုင်တဲ့ ဘီလျံများစွာ ချမ်းသာတဲ့ သူဌေးနေအိမ်အဖြစ် နာမည်ကြီးသွားပါတယ်။ 

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ Boxabl က မည်သူမည်ဝါဆိုတာကို လျှို့ဝှက်ထားရမယ့်သူတစ်ဦးအတွက် Casita  တစ်လုံးကို တက္ကဆက်ပြည်နယ် ဘိုကာချီကာမှာ တပ်ဆင်ပေးနေကြောင်း ကြေညာခဲ့ပါတယ်။ 

 

 

“ဒီလိုလူမျိုးကို ဈေးဦးပေါက် ရောင်းရတာ အတော်စိတ်အားတက်ကြွတယ်။ ကျွန်တော်တို့ ကြီးကြီးမားမားတစ်ခုပေါ်ကို ရောက်နေပြီလို့ ညွန်ပြနေတယ်လို့ စက်ရုံမှာ ရှိတဲ့သူတိုင်း သဘောတူကြတယ်” လို့  Boxabl ကို ပူးတွဲထူထောင်သူ Galiano Tiramani က YouTube မှာ ပြောပြတယ်။ 

 

Casita ဘောက်စ်အိမ်မှ အိမ်သာရေချိုးခန်း 

 

 

Casita ဘောက်စ်အိမ်မှ အိပ်ခန်း

 

 

 

 

Casita ဘောက်စ်အိမ်မှ ထမင်းစားခန်း 

 

 

 

Casita ဘောက်စ်အိမ်အတွင်းပိုင်း

ကုမ္ပဏီအနေဖြင့် ဝယ်ယူသူ မည်သူမည်ဝါဆိုတာ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမဲ့ တပ်ဆင်တဲ့နေရာက SpaceX အာကာသစခန်း ဖြစ်နေတာကြောင့် အီလွန်မတ်စ် နေဖို့ ဘောက်စ်အိမ်လို့ သတင်းတွေ ထွက်ပေါ်ပျံ့နှံ့သွားခဲ့ပါတယ်။ 


SpaceX အာကာသစခန်းထဲ အိမ်ကို သယ်ယူလာစဉ် တွေ့ကြရပုံ

Boxabl ကို ထူထောင်တာ မကြာသေးဘူး။ ၂၀၁၇ ခုနှစ်မှာ စတင်ထူထောင်ခဲ့တယ်။ လပ်ဗေးဂပ်စ်မြို့မှာ ကုမ္ပဏီပိုင် အိမ်ကလေးတွေ ထုတ်လုပ်တည်ဆောက်တဲ့အခါ တခြား ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေနေရာတွေအတွက် ထုတ်လုပ်ရောင်းချရင် အလုပ်ဖြစ်နိုင်တယ်လို့ စိတ်ကူးရခဲ့ကြတယ်။ ကမ္ဘာတစ်လွှားမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ရောင်းချမယ်။ အိမ်တွေ ထုတ်လုပ်ဖို့ စက်ရုံတစ်ခု ထားရှိမယ် စသဖြင့် ကြံစည်လုပ်ကိုင်ခဲ့ကြတယ်။ 


လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်တဲ့အခါ ဈေးကွက်ရဖို့ အတော်မလွယ်ဘူး။ 

ပူးတွဲထူထောင်သူ Galiano Tiramani က “ အိမ်ကလေးတွေကို စက်ရုံထဲမှာ ဘာလို့ မထုတ်လုပ်ကြသလဲဆိုတာအတွက် အကြောင်းပြချက်တွေ ရှိတယ်။ လူနေအိမ်ရာ အထပ်မြင့်တိုင်တာတေွအတွက် တော့ ထုတ်လုပ်ဖို့ အဆင်ပြေတယ်။ အထပ်မြင့် တိုက်တစ်လုံးမှာ တိုက်ခန်းတွေ အများကြီးပါတော့ အစိတ်အပိုင်းတွေ အများကြီး ထုတ်လုပ်ပေးရတာမို့ တွက်ခြေကိုက်တယ်။ အိမ်ကလေးတွေကျတော့ ရောင်းချရတဲ့ အိမ်အရေအတွက် အများကြီး အမှာစာရမှ တွက်ခြေကိုက်မယ်။ အဲဒီလို အမှာစာတွေ တစ်ချိန်တည်းမှာ စုပြုံပြီး ရဖို့ဆိုတာ အတော်မလွယ်ဘူး။ ဘာလို့ လူတွေက အဆင်သင့် ထုတ်လုပ်ပြီးသား အိမ်ကလေးတွေကို မဝယ်ကြတာလဲ၊ ဘာပြဿနာ ဘာအခက်အခဲတွေ သူတို့မှာ ရှိနေသလဲ။ ကျွန်တော်တို့ စဉ်းစားဖော်ထုတ်သတ်မှတ်ပြီး ဖြေရှင်းနည်းတွေကိုပါ အဖြေထုတ်ခဲ့ကြတယ်” လို့ ပြောပြတယ်။ 

 

ကြီးမားနေပြီး ကျော်လွှားဖို့ ခက်တဲ့ပြဿနာတစ်ခုက စက်ရုံက ထုတ်ပေးလိုက်တဲ့အိမ်ကို အိမ်ထားရှိမယ့်နေရာကို သယ်ယူပို့ဆောင်ဖို့ ထောက်ပံ့ပို့ဆောင်ရေး လောဂျစ်စတစ်စ် ပြဿနာ ရှိနေတယ်။ 

အဲကို သယ်ယူသွားဖို့အတွက် အိမ်ကို ခေါက်သိမ်းလို့ ရအောင် ဒီဇိုင်းထုတ်ကြတယ်။  Casitas ပရီဖက်ဘ် အိမ်တစ်လုံးကို ခေါက်သိမ်းလိုက်ရင် ပေ ၂၀ x ၈ ဒသမ ၅ ပေ အရွယ်အစား ဖြစ်သွားတယ်။ 

ဒီတော့ ထရပ်ကားပေါ် တင်ပြီး သယ်သွားလို့ ရတယ်။ နောက်တွဲတစ်ခုပေါ် တင်ပြီး ရှေ့မှ အဆင်ပြေတဲ့ကားတဲ့ ဆွဲယူသွားလို့လည်း ရတယ်။

 

Casita ဘောက်စ်အိမ်တစ်လုံးကို အိမ်စီး Tesla လျှပ်စစ်ကားဖြင့် ဆွဲယူလာစဉ်

 

သယ်လို့ ရတာတော့ ဟုတ်ပါပြီ။ သယ်ခက ဘယ်လောက် ကျသင့်သလဲဆိုတာ ထည့်တွက်ရဦးမယ့် အချက် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ လပ်စ်ဗေးဂတ်စ် စက်ရုံမှာ ထုတ်လုပ်ထားတဲ့ အိမ်တစ်လုံးကို အမေရိကန်မြေပေါ်မှာပဲ ထားဖို့ သယ်မယ်ဆိုရင် သယ်ပို့ခက ခရီးတစ်မိုင်ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ ပေးရမယ်လို့ ဆိုပါတယ်။ 

တကယ်လို့ ဝယ်ယူသူက ပို့ဆောင်ခ ပေးမယ်ဆိုရင် ပင်လယ်ရပ်ခြားကို သင်္ဘောနဲ့ တင်ပို့ရောင်းချပေးမယ်လို့ ဆိုပါတယ်။ 

 

Casita အိမ်ထဲမှာ တပ်ဆင်ထားတဲ့ မီးကြိုးတွေ၊ ရေပိုက်လိုင်း၊ ရေဆိုးပိုက်လိုင်း၊ မိလ္လာပိုက်လိုင်း စတာတတွေ အကုန်လုံးကို စက်ရုံမှာ အပြီးအစီး တပ်ဆင်ပေးထားတယ်။ 

 

 

 

အိမ်ကို ထားမယ့်နေရာရောက်ရင် ခေါက်သိမ်းထားတဲ့ ဘောက်စ်အိမ်ကို နေရာချမယ်။ ခေါက်ထားတာကို ပြန်ဖြန့်မယ်။ အုတ်မြစ်ချထားတာနဲ့ တွဲမယ်။ ရေပိုက်၊ မိလ္လာပိုက်နဲ့ မီးလိုင်း ချိတ်ဆက်မယ်။ အားလုံး နာရီပိုင်းအတွင်း ပြီးစီးတယ်။ 

 

၁၉ပေခွဲ ပတ်လည် ဘောက်စ်အိမ်ကို ပိုကြီးမားတဲ့ အရွယ်အစားဖြစ်သွားအောင် ချိတ်ဆက်ပြီး ဆောက်လုပ်လို့လည်း ရတယ်။ ဒါပေမဲ့ လောမကြီးပါနဲ့လို့ Galiano Tiramani က တားပါတယ်။ Boxabl က အခုထက် အရွယ်အစား ပိုကြီးမားတဲ့ ဘောက်စ်အိမ်ပုံစံ ထုတ်လုပ်ဖို့ အစီအစဉ် ရှိတာကို စောင့်စေလိုကြောင်း သူက ပြောပါတယ်။  လောလောဆယ် ထုတ်လုပ်တဲ့ အိမ်ဒီဇိုင်းမှာ မျက်နှာကြက်ကို ကိုးပေခွဲအမြင့်မှာ ထားပေးထားတယ်။ 


 

တစ်ထပ်အိမ်နှင့် နှစ်ထပ်အိမ်

 

လက်ရှိ အရွယ်အစားကို သေးငယ်ကျစ်လစ်တာကို လူတွေက သဘောကျကြတယ်။ လန်းတယ်လို့ မှတ်ချက်ပြုကြတယ်လို့ သူက ပြောပြတယ်။ 

လောလောဆယ်မှာ အမှာစာတွေ ရရှိထားပြီး ၂,၀၀၀ ကျော်က ငွေသွင်းပြီးသွားပြီ။ ကုမ္ပဏီကြီးတွေက တစ်လုံးထက် များတဲ့ အရေအတွက်ဖြင့် မှာကြားကြတယ်။ ကားတွေကို တပ်ဆင်ထုတ်လုပ်သလိုမျိုး ဘောက်စ်အိမ်တွေကို အမြောက်အမြား တပ်ဆင် ထုတ်လုပ်နိုင်အောင် ကြံဆလုပ်ဆောင်သွားဖို့ လိုနေတယ်။ 

လူသိများအောင် ကြော်ငြာတာကို ဆိုရှယ်မီဒီယာ မားကက်တင်းကို အသုံးပြုနေပြီး ဆိုရှယ်မီဒီယာမှာ ပရိသတ်များပြားလို့ ဩဇာကြီးတဲ့သူ  influencer ကို အသုံးပြုတယ်လို့ သူက ဆိုပါတယ်။ 

လက်ရှိအနေအထားမှာ ရောင်းအားက ကန်ဒေါ်လာ တစ်ဘီလျံ ကျော်သွားပြီ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကုမ္ပဏီအနေဖြင့် ဘောက်အိမ်ကလေး သုံးလုံးကိုသာ ထုတ်လုပ်မှု ပြီးစီးပါသေးတယ်။ 

ဇွန်လမှာ အကျယ်အဝန်း ၁၇၀,၀၀၀ စတုရန်ပေရှိတဲ့ စက်ရုံကြီးတစ်ခုမှာ ပြောင်းရွှေ့လုပ်ကိုင်ခဲ့တယ်။ အပြည့်အဝ လည်ပတ်တဲ့အခါ မိနစ် ၉၀ တိုင်းမှာ ဘောက်စ်အိမ်တစ်လုံးကျ ပြီးစီးမှာ ဖြစ်ပြီး တစ်နှစ်ကို အိမ်လုံးရေ ၃,၆၀၀ အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

 

 

အိမ်အတွင်း အခန်းတွေ ဘယ်လို ဖွဲ့ပေးထားသလဲ။

အိပ်ခန်းတစ်ခန်းပါ ကြမ်းခင်းပုံစံ

 

အိပ်ခန်းနှစ်ခန်းပါ ကြမ်းခင်းပုံစံ


 

မိသားစု နေဖို အိမ်တစ်လုံးကို သပ်သပ်ရပ်ရပ် လှလှပပ တည်ဆောက်မယ်ဆိုရင် ပုံမှန်အားဖြင့် အချိန် ၇ လ ကြာမြင့်ပါတယ်။ ဘောက်စ်အိမ်ကို အမှာစာပေးပြီး မြန်မြန်သာ ရခဲ့မယ်ဆိုရင် တစ်လအတွင်း တက်နေရန်အသင့် အိမ်တစ်လုံးကို ရရှိမှာ ဖြစ်ပါတယ်။

 

 

 

 

How To Interior Decoration Read 1595 times