BOT မြေပေါ်ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေပေါ်ဆောက်တဲ့ တိုက်ခန်းရဲ့ ကွာခြားချက်


11 December, 2019

BOT ( Build Operate Transfer ) စနစ်နဲ့ ငှားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေနဲ့ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်တချို့ကိုနှုင်းယှဉ်ဖော် ပြပေးလိုက်ပါတယ်။

 ဘီအိုတီစနစ်နဲ့ ငှားထားတဲ့မြေပေါ်မှာ ဆောက်တဲ့တိုက်ခန်းတွေကို ဝယ်ရင်

 အစိုးရဆီကနေ ဘီအိုတီစနစ်နဲ့ ငှားထားတယ်။ တိုက်ခန်းဆောက်တဲ့ ကုမ္ပဏီကိုယ်တိုင်က အစိုးရဆီက ငှားထားရတော့ ငှားထားတဲ့သက်တမ်းပြည့်ရင် ပြန်အပ်ရမှာပါ။ Build Operate Transfer ဖြစ်တာကြောင့် ပြည့်ရင် အရှိတိုင်းပြန်အပ်ရမှာ ဖြစ်ပါတယ်။


ကွန်ဒိုမီနီယံတိုက်ခန်းဖြစ်လာရင် အခန်းဝယ်တဲ့သူက မြေကြီးပါ ရှယ်ယာပိုင်တဲ့ သဘောဖြစ်လာတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဌေးသာက ' ဘီအိုတီ စနစ်က နှစ် ၅၀ ငှားထားတယ်၊ ထပ်တိုး (Extension) ၁၀နှစ်၊ ၁၀နှစ်နဲ့ နှစ် ၇၀ ပြီးရင်တော့သက်တမ်းပြီးပြီပေါ့၊ သက်တမ်းထပ်တိုးပေးဖို့ကတော့ အဲဒီအချိန်မှာ တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့သူတွေရဲ့ အဆုံးအဖြတ်ပေါ့ ' လို့ ပြောပါတယ်။

သူကပဲ နှစ် ၇၀ လောက်ဆိုရင် အဆောက်အအုံရဲ့ သက်တမ်းကကုန်ပြီ။ သည်အဆောက်အအုံပေါ်မှာ နေတဲ့သူတွေက ဘာပိုင်ဆိုင်မလဲဆိုတာ ဦးတို့မပြောနိုင်ဘူး၊ ဝယ်တဲ့သူတွေက နှစ် ၅၀ ၊ ၇၀လောက်နေရရင် ကျေနပ်တယ်ဆိုရင် ဝယ်နိုင်တယ်။ သက်တမ်းကျန်သေးရင်တောင် အဆောက်အအုံတွေက ပြင်ကြမှပဲ။ အဲသည်အချိန်ကျရင်တော့ ပိုင်ဆိုင်မှု ရှုပ်ထွေးနိုင်တယ်လို့ ပြောပါတယ်။

 
ဘိုးဘွားပိုင်၊ ဂရန်မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေကိုဝယ်ရင်

ကွန်ဒိုမီနီယံတိုက်ခန်းဖြစ်လာရင် အခန်းဝယ်တဲ့သူကမြေကြီးပါ ရှယ်ယာပိုင်တဲ့သဘောဖြစ်လာတာကြောင့် ဘိုးဘွားပိုင်၊ ဂရန်မြေပေါ်မှာ ဆောက်ရင် အဲသည်မြေကြီးပါပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဂရန်သက်တမ်းကုန်သွားရင်လည်း အစိုးရဆီမှာ သက်တမ်းထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒိုမီနီယံဥပဒေက မထွက်သေးတာကြောင့် တချို့ဆောက်လုပ်ရေး ကုမ္ပဏီတွေက မြန်မာနိုင်ငံကပြဋ္ဌာန်းတဲ့ ဘယ်ဥပဒေကိုမဆို လိုက်နာပါမည်ဆိုတဲ့ ခံဝန်ချက်နဲ့ စာချုပ်ချုပ်ပေးတယ်။ အဲသည်လိုမျိုးဝယ်ရင်တော့ ဝယ်တဲ့သူတွေ မနစ်နာနိုင်ဘူးလို့ သိရပါတယ်။

ဦးသာဌေးက 'အိပ်ခန်းတွေဝယ်တာ ရောင်းတာက ရှေ့နေနဲ့ လုပ်တာကောင်းတယ်၊ ဥပဒေပညာရှင်နဲ့ ဆွေးနွေးရမယ်၊ စင်ကာပူမှာဆိုရင် တရားဝင်မှတ်ပုံတင်ပြီး ရောင်းကြဝယ်ကြတယ်၊ ဘယ်သူမှ Black Market မရှိဘူး၊ ကြိုက်ရောင်း ကြိုက်ဝယ်နဲ့ အရပ်စာချုုပ်နဲ့ ဝယ်တာမရှိဘူး၊ ဒီမှာလဲ အဲဒီလိုလုပ်သင့်တယ်၊ အခွန်ရှောင်တာ၊ အခွန်လျော့နည်းအောင် မလုပ်သင့်ဘူး ' လို့ ပြောပါတယ်။
 

လက်ရှိပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေတွေပေါ်မှာပဲ အဆင့်မြင့်အိမ်ရာတွေ တည်ဆောက်ရောင်းချတယ်လို့ သိရပါတယ်။

How To Read 82 times