နှစ်ပေါင်း ၄၀ ကြာမြင့်သော်လည်း ခေတ်မီနေဆဲ BMW Group ဌာနချုပ်


09 October, 2021

ဂျာမန် ထိပ်တန်း ကားလုပ်ငန်းစု ဖြစ်သော BMW Group ၏ ဌာနချုပ်သည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် တည်ရှိသည်။
ဗိသုကာ ဒီဇိုင်းသည် ကားအင်ဂျင်ထဲမှ ဆလင်ဒါလေးခု ကပ်လျက် ထောင်ထားသည်ကို သရုပ်ဖော်ထားသည်။ နဘေးတွင် ဆလင်ဒါထိပ်ပိုင်းပုံ အဆောက်အဉီတစ်ခုရှိပြီး ပြတိုက်အဖြစ် အသုံးပြုသည်။
ထိုသို့ ဆလင်ဒါများကို သုံးထားသဖြင့် ဘီအမ်ဒဗလျူ ဆလင်ဒါ ၄လုံး ဟု လူသိများသည်။ အချို့က ဘီအမ်ဒဗလျူ တာဝါဟု သိကြသည်။ 


BMW ဌာနချုပ်ကို ၁၉၇၃ ခုနှစ်တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။ သမိုင်းဝင် အဆောက်အဉီအဖြစ် အကာအကွယ်ပေးရမည့် စာရင်းတွင် ၁၉၉၉ ခုနှစ်မှာ စာရင်းဝင်ခဲ့သည်။ အကြီးအကျယ် မွမ်းမံပြင်ဆင်မှုများကို ၂၀၀၄ ခုနှစ်တွင် လုပ်ဆောင်ခဲ့ရာ ၂၀၀၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ 

အထပ်မြင့်အဆောက်အဦကို ၁၉၆၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုစဉ်က ၁၉၇၂ နွေရာသီ အိုလံပစ်ကို မြူးနစ်မြို့တွင် ကျင်းပခဲ့ရာ ပွဲတော်အပြီးတွင် ဌာနချုပ်ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ 

အဆောက်အဉီများကို ဒီဇိုင်းထုတ်သည့် ဗိသုကာ ပညာရှင်မှာ အိမ်နီးနားချင်း နိုင်ငံဖြစ်သေ ဩစတီးယားနိုင်ငံမှ ဗိသုကာပညာရှင် Karl Schwanzer ဖြစ်သည်။  သူစိတ်ကူးဖန်တီးသည့် ဗိသုကာလက်ရာကို အသုံးပြုပြီး ဆောက်လုပ်ထားသည့်  ရင်သပ်ရှုမောရသော ဌာနချုပ် ၁၅ ခုတွင် BMW ဌာနချုပ်သည် တစ်ခု အပါအဝင် ဖြစ်သည်။ 

တာဝါဖွဲ့တည်ပုံမှာ ဆလင်ဒါ လေးလုံး ထောင်လိုက်အနေအထားဖြင့် ရှိနေကြပြီး တစ်ခုနှင့်တစ်ခု ကပ်လျက်နှင့် ကန့်လန့်ဖြတ် အနေအထားတို့ဖြင့် တည်ရှိနေကြသည်။ ဆလင်ဒါအသီးသီးတွင် ခါးလည်မှာ အလျားပြင်ညီဖြင့် ပိုင်းခြားထားသည်။ ဆလင်ဒါလေးလုံး၏ အလယ်တွင် အလယ်တိုင်ရှိပြီး ၎င်းတိုင်တွင် ဆလင်ဒါလေးခုစလုံး တွဲပေးထားရာ ဆလင်ဒါ လေးလုံးစလုံးသည် အောက်ခြေတွင် မြေကြီးနှင့် ကင်းလွတ်နေကြသည်။ 

အထပ်အသီးသီးကို မြေပြင်တွင် တပ်ဆင်ပြီးမှ အပေါ်သို့ တင်ပြီး အထပ်လိုက် နေရာချပြီး တပ်ဆင်သည်။ 
တာဝါသည် အချင်း ၁၇၁ ပေ ရှိသည်။ ၂၂ ထပ်ပါဝင်သည်။ အထပ် ၁၈ ထပ်ကို ရုံးခန်းများအဖြစ် အသုံးပြုထားသည်။ 

ဘီအမ်ဒဗလျူတာဝါ အမြင့်သည် ၉၉.၅ မီတာ မြင့်သည်။ မြူးနစ်မြို့တွင် အဆောက်အဦးများအတွက် အမြင့်ဆုံး အမြင့်ကန့်သတ်ချက်မှာ မီတာ ၁၀၀ ဖြစ်သည်။ မြူးနစ်မြို့ရှိ ရှေးဘုရားကျောင်း Munich Frauenkirche သည် အမြင့် ၉၈.၆ မီတာ ရှိသဖြင့် ထိုအမြင့်ကို အခြေပြုပြီး မီတာ ၁၀၀ ထက် ပိုမမြင့်ရဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ 

BMW Tower ၏ ဆလင်ဒါ လေးလုံသည် မြေတွင် အုတ်မြစ်မချထားချေ။ ဆလင်ဒါအဆောက်အဦ၏ အမိုးတွင် ရှိသည့် အပေါင်းလက္ခဏပုံ ရှိသည့် စတီးထုပ်တန်းတစ်ခုကို ဆလင်ဒါလေးခု၏ အလယ်တွင် ရှိနေသည့် တိုင်တွင် တန်းလန်းဆွဲထားသည်။ စုစုပေါင်း အလေးချိန် တန်ချိန်၁၆,၈၀၀ ရှိသည့် ဆလင်ဒါလေးလုံးကို တန်းလန်းချိတ်ထားခြင်း ဖြစ်သည်။ အပေါ်ဆုံးထပ်မှ အောက်သို့ တစ်ထပ်ပြီး တစ်ထပ် ဆောက်လုပ်ကာ တန်းလန်းချိတ်ထားသည်ကို ပေါင်းစပ်ပေးသွားသည်။ 

ဗိသုကာပညာရှင် Karl Schwanzer ၏ ဒီဇိုင်းတွင် အမိုးထိပ်တွင် လေးဘက်လေးတန်တွင် ကုမ္ပဏီ လိုဂိုကို တပ်ဆင်ရန် ဖြစ်သော်လည်း မြူးနစ် မြို့ပြအုပ်ချုပ်ရေးက ခွင့်မပြုခဲ့ချေ။ အကြောင်းပြချက် တစ်စုံတစ်ရ ခိုင်ခိုင်မာမာ မရှိဘဲ ကန့်ကွက်တားမြစ်ခြင်း ဖြစ်သဖြင့် တရားရုံးတွင် တရားရင်ဆိုင်သည်။ အိုလံပစ်ပွဲတော် ကျင်းပခါနီးတွင် ပွဲသို့လာသည့် ပရိသတ် မြင်အောင် လိုဂိုကို ပြသဖို့ လိုအပ်သဖြင့် စီမံခန့်ခွဲရေးအဖွဲ့က ကင်းဗတ်ဖြင့် လိုဂိုကို အရှေ့အရပ်နှင့် အနောက်အရပ် နှစ်နေရာတွင် ပြသသည်။ ထိုလိုဂိုပုံကြီးများကို မလှမ်းမကမ်းတွင် တည်ရှိသည့် အိုလံပစ် အားကစားရုံမှ လှမ်းမြင်ရသည်။ ထိုသို့ မီတာ ၁၀၀ နီးပါးမြင့်သော အမိုးပေါ်တွင် လိုဂို မထားရှိရန် တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်သဖြင့် ကုမ္ပဏီက ဒဏ်ကြေးဆောင်ခဲ့ရသည်။ ရှည်ကြာသော ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင် အမိုးထိပ်တွင် ဘက်လေးဘက်အသီးသီးမှာ လိုဂိုတစ်ခုစီ ထားရှိခွင့် ရရှိခဲ့သဖြင့်  ၁၉၇၃ ခုနှစ်တွင် လိုဂိုများကို တပ်ဆင်ခဲ့သည်။ 

 

 


 

Architecture Read 682 times