ဘာလင်အစိုးရက အိမ်ရာမြေကုမ္ပဏီများထံမှ တိုက်ခန်း ၁၅,၀၀၀ နီးပါး ပြန်လည်ဝယ်ယူ


18 September, 2021

ဘာလင်အစိုးရ အာဏာပိုင်တို့က အိမ်ရာမြေ မဟာလုပ်ငန်းကြီးနှစ်ခု ဖြစ်သော Vonovia နှင့် Deutsche Wohnen တို့ထံမှ တိုက်ခန်းစုစုပေါင်း ၁၄,၇၅၀ ခန်းကို ယူရို ၂.၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်သည်။ 
ဝယ်ယူရသည့် အကြောင်းရင်းမှာ မြို့တော်ပြည်နယ် ဖြစ်သော ဘာလင်မြို့တွင် အများသူငါ တတ်နိုင်သော ငှားရမ်းခဖြင့် ငှားရမ်းနေထိုင်နိုင်သည့် တိုက်ခန်းလိုအပ်ချက် မြင့်မားနေခြင်းကို ဖြေရှင်းပေးရန်အတွက် ဖြစ်သည်။ 


တန်ဖိုးသင့်တိုက်ခန်း အပိုင်းအကန့်

အစိုးရပိုင် အိမ်ရာမြေလုပ်ငန်း သုံးခုဖြစ်သော  Howoge, Degewo နှင့် Berlinovo တို့က ကုန်ကျစရိတ်အတွက် ချေးငွေစီမံပေးမည် ဖြစ်သည်။ အကြောင်းမှာ ဆီးနိတ်လွှတ်တော် (အထက်လွှတ်တော်)က ဘာလင်အစိုးရ ဘတ်ဂျက်ဖြင့် ဝယ်ယူခြင်း မပြုရဟု အခိုင်အမာ ဆိုထားသောကြောင့် ဖြစ်သည်။ မြို့ပြည်နယ်ဖြစ်တဲ့ ဘာလင်မှာ နေထိုင်ကြတဲ့သူတွေကို ဂရုပြုကြောင်း နမူနာတစ်ခုဖြစ်ကြောင်း ဘဏ္ဍာရေးအမတ်  Matthias Kollatz  က မှတ်ချက်ပြုပါတယ်။ သူက တိုက်ခန်းငှားရမ်း နေထိုင်သူ ဦးရေ ၃၀,၀၀၀ အကျိုးခံစားခွင့် ရရှိကြမှာဖြစ်ပြီး သူတို့ နေထိုင်နေတဲ့ တိုက်ခန်းတွေဟာ အပြီးအပိုင် တန်ဖိုးသင့်တိုက်ခန်းမှာ အပြီးအပိုင် ရှိနေတော့မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

ယခုလို ဝယ်ယူလိုက်တဲ့အတွက် တိုက်ခန်းဈေးကွက်အပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်ပြီး ဘာလင်သူဘာလင်သားတွေ တကယ်တတ်နိုင်တဲ့ တန်းဖိုးသင့်တိုက်ခန်းများမှာ နေထိုင်နိုင်ကြတာ ပိုများလာစေမှာ ဖြစ်ပါတယ်။ 
ယခင်တစ်ကြိမ် ကြိုးပမ်းမှုမှာ အမြင့်ဆုံးငှားရမ်းခကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဘာလင်မြို့မှာ ရှိတဲ့ တိုက်ခန်းများရဲ့ ၉၀% အတွက် ငှားရမ်းခများကို ၂၀၁၉ ခုနှစ်တုန်းက ငှားရမ်းခ နှုန်းထားများဖြင့်သာ ငှားရမ်းရမယ်လို့ ဆိုထားပါတယ်။ အဲဒီပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီတဲ့အတွက် တရားမတင်ကြောင်း ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးတော်က ဧပြီလတုန်းက စီရင်ချက် ချခဲ့တဲ့အတွက် ငှားရမ်းနေထိုင်သူတွေ နှုန်းထားသစ် အမြင့်ဖြင့် ငှားရမ်းခများ ပေးကြရတဲ့အပြင် ယခင်လများအတွက်ပါ လျှော့ပေါ့ပေးထားခဲ့တာတွေ  ပြန်လည်ပေးကြရလို့ ပေးရတဲ့ ပမာဏ များပြားခဲ့ပါတယ်။ 

လာမယ့် စက်တင်ဘာလ ၂၆ ရက်မှာ ဘာလင်အစိုးရအသစ်အတွက် ရွေးကောက်ပွဲ ရှိနေတာကြောင့် ယခုလို ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့လည်း မီဒီယာအချို့မှာ ရေးသားဖော်ပြကြပါတယ်။ 
ဘာလင်အစိုးရက ရှင်းပြခဲ့တာမှာ လအတန်ကြာကတည်းက အရောင်းအဝယ်ကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ဖြစ်ပြီး ယခုမှ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြပြီး အရောင်းအဝယ်ပြီးမြောက်ခဲ့တာလို့ ဆိုပါတယ်။ 

ယခုအရောင်းအဝယ်မှာ လူနေတိုက်ခန်းများအပြင် အရောင်းအဝယ်မှာ ပါဝင်တဲ့ အဆောက်အဦတွေမှာ ရှိနေတဲ့ ဆိုင်ခန်း ၄၅၀ လည်း ပါဝင်တယ်။ အိမ်ရာမြေ မဟာလုပ်ငန်းကြီးနှစ်ခု ဖြစ်သော Vonovia နှင့် Deutsche Wohnen တို့ထံ သူတို့လက်ထဲမှာ ရှိတဲ့ တိုက်ခန်းများရဲ့ ၁၀%  ဝန်းကျင်ကို ထုတ်ရောင်းပေးလိုက်တာ ဖြစ်ပါတယ်။ ယခုလို ဝယ်ယူလိုက်တဲ့အတွက် ဘာလင်အစိုးရလက်ထဲမှာ တိုက်ခန်းစုစုပေါင်း ၃၅၅,၀၀၀ခန်းခန့် ရှိသွားမှာ ဖြစ်ပါတယ်။ မြို့မှာရှိတဲ့ ငှားရမ်းတိုက်ခန်း ၁.၆၇ သန်းရဲ့ ငါးပုံတစ်ပုံခန့် ဖြစ်ပါတယ်။ 

ဘာလင်မြို့မှာ တိုက်ခန်းငှားရမ်းခတွေ မြင့်တက်လာနေတဲ့အပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့ပါတယ်။ အခြားမြို့ကြီးများနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာလင်မှာ ငှားရမ်းခတွေ သက်သာနေခဲ့တာ ကာလရှည်ကြာ ဖြစ်ခဲ့ပြီး ယခင်ဘာလင်အစိုးရလက်ထက်မှာ အစိုးရပိုင် တိုက်ခန်းတွေကို ပုဂ္ဂလိကကုမ္ပဏီတွေကို ရောင်းချခဲ့ပြီးတဲ့ နောက်ပိုင်း တိုက်ခန်းငှားရမ်းခတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာလင်အစိုးရက တိုက်ခန်းတွေ ပြန်လည်ဝယ်ယူပြီး အစိုးရပိုင် တိုက်ခန်း အရေအတွက် ပြန်မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခန်းတွေကို ဘာလင်အစိုးရမှ သက်သာတဲ့ငှားရမ်းခများဖြင့် ငှားရမ်းပေးထားမှာ ဖြစ်ပါတယ်။ 
ဘာလင်မြို့မှာ ပုဂ္ဂလိက အိမ်ရာမြေကုမ္ပဏီများရဲ့ လက်ထဲ တိုက်ခန်းပေါင်း ၃၅၀,၀၀၀ ကျန်ရှိပါတယ်။ 


ဆောက်လုပ်ရေးကဏ္ဍ လုပ်ကိုင်မှုများ


ယခုအရောင်းအဝယ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းအပေါ် သက်ရောက်မှု မရှိဘူးလို့ သုံးသပ်ကြတယ်။ ဘာလင်မြို့မှာ တိုက်ခန်းအိမ်ရာ ဆောက်လုပ်ရေးကို အစိုးရပိုင် ကုမ္ပဏီများက ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး စီမံကိန်းတွေ ပြီးစီးတာနဲ့အမျှ အစိုးရပိုင် တိုက်ခန်းတွေ တိုးလာမှာ ဖြစ်ပါတယ်။ တသီးပုဂ္ဂလ ဝယ်ယူခြင်းများအတွက်လည်း ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပြီး သက်သာတဲ့ ဈေးနှုန်းများဖြင့် တိုက်ခန်းများကို ရောင်းချပေးခဲ့တာမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တိုက်ခန်း စုစုပေါင်း ၂၀,၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ 


berlinspectator.com
 

Real Estate & Properties Public Housing Read 536 times