အိပ်ခန်းနံရံတွေကို ဘာအရောင် သုတ်သင့်သလဲ


14 October, 2021

အိပ်ခန်းနံရံတွေကို ဆေးသုတ်ဖို့ ဘာအရောင် သုတ်ရင် ကောင်းမလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အရင်ဆုံး အိမ်မှာ ရှိနေတဲ့ အခန်းနံရံတွေ ဆေးသုတ်တဲ့အခါ တစ်အိမ်လုံးနီးပါး တစ်ရောင်တည်း သုတ်ထားတာထက် အခန်းအမျိုးအစားအလိုက် အရောင်ရွေးချယ်သုံးစွဲသင့်ပြီး အရောင် လေးငါးမျိုး သုံးစွဲသင့်ပါတယ်။ သုံးစွဲတဲ့အရောင်တွေက အရောင်အသွေး (tone) ဆင်တူတာတွေ ဖြစ်သင့်ပါတယ်။ 
အဲဒီတော့မှ တစ်ခန်းကနေ နောက်တစ်ခန်းကို ရောက်သွားတဲ့အခါ စိတ်ထဲ တစ်မျိုးတစ်မည် မခံစားရမှာ ဖြစ်ပါတယ်။ 
အရောင်ရွေးဖို့အတွက် ၈၀/၂၀ စည်းမျဉ်းကို သုံးနိုင်ပါတယ်။ အိမ်ရဲ့ နံရံအများစု (၈၀%)ကို အရောင်တစ်ရောင် သတ်မှတ်ထားပြီး အိပ်ခန်းလို အရေးပါတဲ့အခန်းတွေ (၂၀%) ကို ဘာအရောင်တွေ ဘယ်လို သုတ်မလဲ ဆိုတာ စဉ်းစားရွေးချယ် ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ 
နံရံအရောင်တွေက အလင်းပြန်အား ကောင်းတဲ့ အရောင်တွေ သုံးသင့်ပါတယ်။ နေ့ခင်းဘက် မီးပျက်တဲ့အခါ အခန်းတွေက နံရံအရောင်ကြောင့် ပိုမှောင်မနေသင့်ဘူး မဟုတ်လား။ 

အိပ်ခန်းနံရံအတွက် သုံးသင့်တဲ့အရောင်က အပြာရောင် ဖြစ်ပါတယ်။ 
ဒါပေမဲ့ တစ်ခန်း ရှိသမျှ နံရံအားလုံးကို အပြာရောင်တွေချည်း သုတ်ရမှာတော့ မဟုတ်ဘူး။ အခုကိစ္စမှာလည်း ကမ္ဘာကျော် ၈၀/၂၀ စည်းမျဉ်းကို သုံးရမှာ ဖြစ်ပါတယ်။ နံရံလေးဘက် ရှိနေတာမှာ နံရံတစ်ဘက်ဟာ ၂၅ % ဖြစ်ပါတယ်။ ဒါပေမဲ့ နံရံကို ပရိဘောက ဖြစ်တဲ့ ကုတင် ဘီရို စတာတွေက အပြီးအပိုင် ကွယ်ထားလို့ နံရံတစ်ပြင်လုံး (၂၅ % )ကို အပြည့်မမြင်ရဘူး။ ဒီတော့ နံရံမျက်နှာပြင် ဧရိယာ အများဆုံး ပေါ်နေမယ့် နံရံကို အပြာရောင် သုတ်ဖို့ ရွေးချယ်ပေးရမှာ ဖြစ်ပြီး ကျန်တဲ့နံရံတွေကိုတော့ အိမ်ရဲ့ နံရံအများစု (၈၀%)ကို သုတ်ပေးတဲ့ အရောင်ကို သုတ်ပေးရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ကုတင်ခေါင်းရင်နံရံဟာ မျက်နှာပြင် အများစုံ ပေါ်နေတတ်တဲ့နံရံ ဖြစ်ပါတယ်။ 

စိတ်ပညာအရ အပြာရောင်ဟာ ဦးနှောက်ကို ငြိမ်သက်စေတဲ့ သက်ရောက်မှု ပေးပါတယ်လို့ ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “Frontiers of Psychology” စာအုပ်မှာ ဖော်ပြထားပါတယ်။ ငြိမ်းအေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတယ်။ အိပ်စက်မယ့်သူအတွက် အဆီလျော်ဆုံး အရောင်လို့ ဆိုပါတယ်။ 

တစ်ခု သိထားသင့်တာက အပြာရောင်ကို ဧည့်ခန်းလို့ သတ်မှတ်တဲ့အခန်းမှာ မသုတ်သင့်ပါဘူး။ 
 

 

Interior Decoration Read 996 times