ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်က အိမ်ရာချေးငွေများကို ခုနစ်လတိတိ နောက်ကျကြေး ကင်းလွတ်ခွင့်ပြု


01 January, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူသူများကို ငွေပေးသွင်းရာတွင် ခုနစ်လတိတိ ကင်းလွတ်ခွင့်ပေးထားကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

COVID-19 ကြောင့် လစဉ်ပေးဆပ်ရမည့် ငွေကြေးများအခက်အခဲရှိနိုင်၍ နောက်ကျကြေးမကောက်ခံဘဲ နောက်ဆုံးပေးသွင်းရမည့်ရက်ကို ၁၅ ရက် အချိန်ရွှေ့ဆိုင်းပေးထားခြင်းဖြစ်ကြောင်း၊ ယခင်က လစဉ် ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးရက် လဆန်း ၅ ရက်အစား လဆန်း ၁၅ ရက်သို့ ပြောင်းလဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်ဖြစ်သည့် CHID ဘဏ်မှ အိမ်ရာဝယ်ယူချင်သူ လူဦးရေ ၅၀ဝ၀ ကျော်ကို ထုတ်ချေးပေးထားခဲ့ပြီး ၊အဆိုပါချေးငွေများထဲတွင် ဂျပန် JICA ၏ နှစ်ဆင့်ချေးငွေမှချေးငွေရယူသူ ၂၀ဝ၀ ခန့်လည်း ပါဝင်ကြောင်း သိရသည်။

 

အဆိုပါလူဦးရေ ၅၀ဝ၀ ရှိသည့် ဝင်ငွေနည်းပြည်သူများ အိမ်ရာဝယ်ယူနိုင်ရန်အတွက် ချေးငွေကို ၂၀၁၆ မှ စတင်ပြီး ၂၀၂၀ ဇူလိုင်လအထိ ချေးငွေပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်အကျပ်အတည်းကာလအတွင်း ဘဏ်ချေးငွေ များကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ JICA နှစ်ဆင့်ချေးငွေများကို ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်ကြောင့် ထိခိုက်သည် ဝင်ငွေနည်းပြည်သူများ သက်သာစေရန် ဘဏ်ချေးငွေကို အတိုးနှင့်အရင်း ပြန်ဆပ်ရသည့်အစား အတိုးနှုန်းကိုသာ ပြန်လည်ပေးဆပ်စေရန် ဖြေလျှာ့ပေးခဲ့ပြီး ထိုကာလကို ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလအထိ သတ်မှတ်ထားကြောင်း သိရသည်။

 

ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် CHID ကို ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲ ၁၇ ခုအထိ ဖွင့်လှစ်ထားကာ အိမ်ရာပိုင်ဆိုင်မူရှိစေရန်အတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ ဖော်ဆောင်ရာတွင် လိုအပ်သော ငွေကြေးစနစ်ကို ထူထောင်ရန်အတွက် အဆိုပါဘဏ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Laws and Regulations Read 91 times