အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတွင် ပါ၀င်ရန် ဘင်္ဂလားဒေ့ရှ် စိတ်၀င်စား


22 December, 2020

ဘင်္ဂလားဒေ့ရ်ှသည် အိန္ဒိယ - မြန်မာ - ထိုင်း (  India-Myanmar-Thailand -IMT) သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတွင်ပါ၀င်ရန် စိတ်၀င်စားနေပါတယ်။ သုံးနိုင်ငံ ကုန်သွယ်ရေး စင်္ကြံမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပါဝင်ချိတ်ဆက်လိုက်ခြင်းဖြင့် အရှေ့တောင်အာရှရဲ့ ချိတ်ဆက်မှု ပီပြင်သွားစေမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရ်ှ အစိုးရက ဘင်္ဂလားဒေ့ရ်ှ-အိန္ဒိယ - မြန်မာ -တရုတ် လေးနိုင်ငံ ဆက်သွယ်မယ့် အဝေးပြေးလမ်းမကြီး ကုန်သွယ်ရေး စင်္ကြံ Bangladesh-China-India-Myanmar  BCIM အကောင်အထည်ဖော်ဖို့အတွက် နှေးကွေးနေချိန်မှာ  IMT မှာ ပါဝင်ရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှ အစိုးရ အမျိုးသမီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်  နာရင်ဒရာမိုဒီနဲ့ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာ အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပြီး ပူးတွဲကြေညာချက်မှာ  သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတွင် ဘင်္ဂလားဒေ့ရ်ှ ပါဝင်နိုင်အောင် အိန္ဒိယနိုင်ငံက ထောက်ခံပြောဆိုပေးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အိန္ဒိယ - မြန်မာ - ထိုင်း  သုံးနိုင်ငံအဝေးပြေးလမ်းမကြီး IMT ဟာ အာဆီယံကို အိန္ဒိယ အဝင်အထွက် ပြုဖို့ ဂိတ်တံခါးတစ်ခုသဖွယ် ဖြစ်လာမှာ ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေး တိုးတက်မြင့်မားသွားစေမှာ ဖြစ်ပါတယ်။ နောင်တစ်ချိန်ကျရင်  IMT ဟာ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား တို့ကိုလည်း အဝေးပြေးလမ်းမကြီးများဖြင့် ချိတ်ဆက်မှာ ဖြစ်ပါတယ်။ 

IMT  ဟာ အိန္ဒိယနိုင်ငံ နယ်ခြားမြို့ မိုးရေးမှ ထိုင်းနိုင်ငံ နယ်ခြားမြို့ မဲဆောက်တို့အကြား သွယ်တန်းမယ့် အဝေးပြေးလမ်းမ ဖြစ်ပါတယ်။ ကီလိုမီတာ ၁,၃၆၀ ရှည်တဲ့ IMT မှာ လမ်းပိုင်းနှစ်ခုအတွက် စီမံကိန်းတွေကို အိန္ဒိယက ဆောက်လုပ်ပေးလျက် ရှိပါတယ်။ အလျား ကီလိုမီတာ ၁၂၀ ရှိတဲ့ ကလေးဝ-ယောကြီး လမ်းပိုင်းကို အဝေးပြေးလမ်းမကြီးအဆင့် ရောက်ရှိအောင် အဆင့်မြှင့်တင်ပေးတဲ့ စီမံကိန်းကို အိန္ဒိယက ဆောင်ရွက်နေပါတယ်။ 

နောက်ထပ် လမ်းပိုင်းတစ်ခု ဖြစ်တဲ့ တမူး-ကျီးကုန်း-ကလေးဝ လမ်းပိုင်းစီမံကိန်းဟာ အလျား ၁၂၀ ကီလိုမီတာ ရှိပြီး လမ်းပိုင်းမှာ ပါဝင်တဲ့  တံတား ၆၉ ခုနဲ့ တံတာချဉ်းကပ်လမ်းတွေကိုလည်း အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

By Myanmar Builder Guide

Ref:economictimes.indiatimes

Factory and Industrial Plant Region Read 1124 times