ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်မည်


16 December, 2019

ပဲခူးမြို့နယ်အတွင်းကုန်သွယ် ဥယျာဉ်မြို့တော်တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး တိုင်းဒေသကြီးအစိုးရကလည်း ခွင့်ပြုမည်ဖြစ်သည်။

Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ ဦးနေမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ ဦးနေမျိုးအောင်က ပဲခူးမြို့နယ်အတွင်း ကုန်သွယ်ရေးဥယျာဉ်မြို့တော်တစ်ခု တည်ဆောက်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် စီးပွားရေးအရ မဟာဗျူဟာကျသည့် နေရာဒေသတစ်ခုဖြစ်ပြီး လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ ရေလမ်းနှင့်လည်း ပဲခူးမြစ်နှင့် စစ်တောင်းတူးမြောင်းတို့အား အဆင့်မြှင့်တင်၍ ဆောင်ရွက်နိုင်သလို မကြာမီဆောင်ရွက်မည့် အာရှလမ်းမကြီးတို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖော်ဆောင်ရာတွင် နိုင်ငံတော်စီမံကိန်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အနေအထားတစ်ရပ်ဖြစ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လာရောက်ရှင်းလင်းတင်ပြသည့် ကုန်သွယ်ရေးဥယျာဉ်မြို့တော်၌ ပဲခူးမြစ်ကြောင်း ဖြောင့်ခြင်းနှင့် မြစ်ကြောင်းဘေးတစ်လျောက် လမ်းများဖောက်လုပ်ခြင်း၊ အမှိုက်ခြေဖျက်ခြင်း၊ ရေသန့်ထုတ်လုပ်ခြင်း၊ ရေဆိုးများသန့်စင်ခြင်း၊ ဘူတာရုံများနှင့် မြို့ပတ်ရထားလမ်းများ၊ စက်မှုဇုံများ ထည့်သွင်းပါဝင်တည်ဆောက်မည်ဖြစ်သည်။

Region Read 59 times