ဧရာဝဏ်နှင့်ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများအတွက်စီးပွားရေးလုပ်ငန်းရှင်များအား


09 November, 2020

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ဧရာဝဏ်နှင့် ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းရှင်များဖိတ်ခေါ်ထားကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့သစ်၊ရပ်ကွက်အမှတ်(၆၁)နှင့် (၆၇)၊ရတနာလမ်းနှင့် ဧရာဝဏ်လမ်းမကြီး ကြားရှိ ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို

ဌာနနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် အကျိုးတူလုပ်ငန်းနှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးလိုပါက ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းဝင်းအတွင်းရှိ အိမ်ရာအရောင်းပြခန်းဖွင့်လှစ်ထားရာ ရုံးခန်းတွင် လာရောက်ဆွေးနွေးနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရသည်။

ဧရာဝဏ်၊ရတနာအထပ်မြင့်အိမ်ရာနှင့်ပတ်သက်ပြီး Master Plan အရ ၄၉လုံးပါဝင်ကြောင်း၊ထို ၄၉ လုံးအား နိုင်ငံတော်အစိုးရချည်းတည်ဆောက်ရန်အတွက် Investment Cost များစွာလိုအပ်ကြောင်း၊ ယခုခေတ်စနစ်အရ တိုင်းရင်းသားလုပ်ငန်းရှင်များပါ ပူးပေါင်းပါဝင်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လိုအပ်နေသော အိမ်ရာများကို ပိုမိုတည်ဆောက်နိုင်မည်ဖြစ်သောကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၁၈ထပ် အဆောက်အအုံ ၄၉လုံးပါဝင်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းတွင် ကျန်ရှိနေသေးသည့် အထပ်မြင့်အဆောက်အအုံ များကို လက်ရှိအစိုးရသစ်လက်ထက်အတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧရာဝဏ်၊ရတနာကဲ့သို့ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများအပြင် တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့်တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝဏ်နှင့် ရတနာအထပ်မြင့် အဆောက်အအုံစီမံကိန်းမှ Parcel G ရတနာနှင်းဆီ အိမ်ရာကို ၂ဝ၁၆ခုနှစ်ဒီဇင်ဘာ၂၄ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ယင်းရတနာနှင်းဆီအဆင့်မြင့် အိမ်ရာစီမံကိန်းကို စင်ကာပူနိုင်ငံ၏ Surbana Jurong မှ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရတနာလမ်းတွင် တည်ဆောက် ထားခြင်းဖြစ်ပြီး အခန်းအကျယ်အဝန်းအလိုက် ကျပ်သိန်း ၆ဝဝမှ သိန်း၁၂ဝဝ အထိ တန်ဖိုးရှိကွန်ဒိုများ ရောင်းချလျက်ရှိကြောင်းသိရသည်။

Daily Eleven

Public Housing Read 43 times