အာရှဒေသတွင် ပထမဆုံးအချက်အလက်ဌာန စင်္ကာပူတွင်တည်ဆောက်မည်


06 December, 2020

လူမှုကွန်ရက်လုပ်ငန်းကြီးဖြစ်သော ဖေ့ဘွတ်က အာရှဒေသတွင် ပထမဆုံး အချက်အလက်ဌာနကို စင်္ကာပူတွင် တည်ဆောက်ရန် စင်္ကာပူဒေါ်လာ ၁.၄ ဘီလီယံ အသုံးပြုသွားမည်ဟု စက်တင်ဘာလ ၆ ရက်နေ့တွင် ကြေညာသည်။

            စင်္ကာပူနိုင်ငံ အနောက်ပိုင်းရှိ အဆောက်အအုံသစ်သည် ၁၇ဝဝဝဝ စတုရန်း မီတာကျယ်ဝန်းပြီး အလုပ်အကိုင်ရာနှင့်ချီ ထောက်ပံံနိုင်မည်ဖြစ်သည်ဟု ထိုကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး စင်္ကာပူနှင့် ဒေသတွင်းတွင် လုပ်ငန်းတိုးချဲ့ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ဆိုသည်။

            ထိုစီမံကိန်းသစ်သည် ဆောက်လုပ်ရေးအလုပ်အကိုင် ထောင်ပေါင်းများစွားနှင့် ကွန်ရက် ပြုပြင်ထိန်းသိမ်းသူမှသည် သယ်ယူပိုဆောင်ရေး စီမံခန့်ခွဲသူများအထိ ပါဝင်သော ဝန်ထမ်း ရာနှင့်ချီခန့်ထားမည်ဟု ဖေ့ဘွတ်၏ အခြေခံအဆောက်အအုံအချက်အလက်ဆိုင်ရာ ဌာနများဆိုင်ရာ ဒုဥက္ကဌ မစ္စတာ သောမတ် ဖါလောင်ကပြောသည်။ ထိုစီမံကိန်းသည် ရေရှည်စီမံကိန်းဖြစ်သောကြောင့် ဝန်ထမ်းလိုအပ်ချက်ကို ဆက်လက်တွက်ချက်နေဆဲဖြစ်ကြောင်းလည်း သူပြောသည်။

            ရေ၊ စွမ်းအင်နှင့် မြေအသုံးပြုမှုများတွင် ထိုအဆောက်အအုံသည် လွန်စွာထိရောက်မှုရှိကြောင်းလည်း ဖေ့ဘွတ်က ပြောသည်။ ဥပမာအားဖြင့်ဆိုရပါက ထိုအဆောက်အအုံတွင် ရေနှင့်ဓါတ်အား အသုံးပြုမှုကို အနည်းဆုံးဖြစ်စေမည့် liquid cooling technology ကို တပ်ဆင်ထားမည်ဖြစ်ကြောင်းနှင့် စမ်းသပ်ချက်အရ စင်္ကာပူနိုင်ငံ၏ ရာသီဥတု အခြေအနေတွင် မြေအောက်ရေအသုံးပြုမှုကို ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဟု သိရသည်။

           အခြားသော ဥပမာတခုမှာ အထပ် ၁၁ ထပ်ရှိ ထိုအအောက်အအုံ၏ မျက်နှာစာကို အပေါက်များ ဖေါက်ထားသည့် အလေးချိန်ပေါ့ပါးသော ပစ္စည်းများ အသုံးပြုထားသောကြောင့် လေဝင်လေထွက် ကောင်းမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။ အချက်အလက်စင်တာကို အထက်ဖက်သို့ တည်ဆောက်ခြင်းဖြင့် မြေအသုံးပြုမှုကို ထိန်းသိမ်းရာရောက်သည်ဟုလည်း ဆိုသည်။

           အချက်အလက် ဌာနလုပ်ငန်းများ လည်ပတ်ခြင်းကို ၂၀၂၂ တွင် စတင်မည်ဖြစ်သော်လည်း ထိုအဆင့်မှာ ပထမအဆင့်သာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် လိုမည်ဟု မစ္စတာ ဖါလောင်ကပြောသည်။ ဖေ့ဘွတ်၏ အာရှတွင် ပထမဆုံး အချက်အလက်ဌာနကို စင်္ကာပူတွင် တည်ဆောက်ရန် ဆုံးဖြတ်ခြင်းသည်နို င်ငံအတွက် ထူးခြားသော မှတ်တိုင်တခုဖြစ်သည်ဟု စီမံကိန်းစတင်သည့် အခမ်းအနားသို့ တက်ရောက်လာသော ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ချန်ချန်းစင် ကပြောသည်။

             စင်္ကာပူတွင် ဖေ့ဘွတ် ရှိနေခြင်းသည် စင်္ကာပူနှင့် ကမ္ဘာကြီးသည် သမားရိုးကျ ကုန်း၊လေ၊ရေ နည်းလမ်းများထက်ကျော်လွန် ဆက်စပ်နေကြောင်း ပြသသည်ဟုလည်း သူပြောသည်။ ထိုသို့ ရှိနေခြင်းကြောင့် ပညာပါရမီ၊ အတွေးအခေါ်နှင့် တီထွင်ဆန်းသစ်မှုများ စီးဆင်းခြင်းကို အထောက်အကူပြုလိမ့်မည်ဟု ဆိုသည်။

            ထိုအဆောက်အအုံသစ်သည် စင်္ကာပူနိုင်ငံ၏ အချက်အလက် သိုမှီးသည့် အခန်းကဏ္ဍကိုလည်း ပိုမိုတောင့်တင်းစေနိုင်ပြီး အချက်အလက်၊ ဉာဏပစ္စည်း ကာကွယ်စောင့်ရှောက်ရေးနှင့် အချက်အလက် လုံခြုံရေးနှင့် သရုပ်ခွဲခြင်းတို့ကို ပိုမိုကောင်းမွန်စေမည်ဟု ချန် ပြောသည်။

Global Read 32 times