မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတား တစ်လအတွင်း ပြီးစီးမည်


10 August, 2023

 မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတား တစ်လအတွင်း ပြီးစီးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

သြဂုတ် ၇ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာမှ ရေစီးသန်သည့် ချောင်းဖြစ်ပေါ်ပြီး ထိုင်း - မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော် ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့်(၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ပေ ၁၅၀ ခန့် ရေတိုက်စားပြီး ပျက်စီးခဲ့သည်။ ယာဉ်များ သွားလာနိုင်ခြင်း မရှိတော့ချေ။
အဆိုပါ ရေတိုက်စားခံရသည့် လမ်းနေရာကို ယာယီဘေလီတံတားထိုးမည်ဖြစ်ရာ တစ်လခန့်ကြာမြင့်ဟု ခန့်မှန်းကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားပါသည်။ 

ကရင်ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုက “အချိန်ဘယ်လောက်ယူရမလဲဆိုရင်တော့ လုပ်အားလုပ်နိုင်တဲ့အပေါ်နဲ့ ရာသီဥတု အပေါ်မှာ မူတည်ပါတယ်။ အဓိက ရာသီဥတုလည်း သာယာမယ်၊လုပ်အားလည်း အချိန်ပြည့်လုပ်နိုင်မယ် ဆိုရင် အလွန်ဆုံးတစ်လပဲ။ တစ်လတည်းနဲ့ အပြီး ဆောင်ရွက်လို့ရပါတယ်” ဟု ပြောကြားသည်။

 

ရှောင်ကွင်းလမ်းကို မြေပြိုကျသည့်နေရာ ပေ ၂၀၀ အနက် ပေ ၄၀  ဘေးတွင် ပေ ၂၀၀ ဘေလီတံတား ထိုးမည် ဖြစ်ပြီး တံတား တစ်ဖက် တစ်ချက် ဖြစ်သည့် ကော့ကရိတ်ဘက်နှင့် မြဝတီဘက် တို့တွင် ချဉ်းကပ်လမ်း ပေ ၃၀၀ စီ ဖောက်လုပ်မည် ဖြစ်သည်။ စုစုပေါင်း ပေ၈၀၀ ခန့် ရှိမည့် ရှောင်ကွင်းလမ်းကို ယာယီ သုံးစွဲကြရမည် ဖြစ်သည်။ 

မြေပြိုကျသည့်နေရာတွင် မြေသားသိပ်သည်းကျစ်လစ်ပြီး အမာခံရအောင် ဆောင်ရွက်ပြီး ကုန်တင်ကားကြီးများ သွားလာနိုင်ရန် ဘေလီတံတား အရှည်ပေ ၂၀၀ ခန့် ထိုးပေးမည် ဖြစ်သည်။ 

ယခုအခါ ပြုပြင်ရေးအတွက် လုပ်ငန်း စတင်နေပြီ ဖြစ်သည်။  “ဩဂုတ် ၁၀ ရက်နေ့ကစပြီး တံတား တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ပစ္စည်း တွေစပြီး ပို့ဆောင်ဖို့ ဆောင်ရွက်နေပါပြီ၊ ပို့ဆောင် ပြီးတာနဲ့ လိုအပ်တဲ့ ယာဉ်ယန္တရားတွေနဲ့ လုပ်ငန်း စတင်ဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောကြားသည်။ 

အိမ်စီးကားများနှင့် ကုန်တင်ယာဉ်ငယ်များသည်  မြ၀တီ-ကော့ကရိတ် လမ်းဟောင်း ဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုပြီး နေ့စဉ် သွားလာနိုင်အောင် စီစဉ်ပေးထားကြောင်း ၎င်းက ပြောကြားသည်။ 

ရေစီးသည့် ပမာဏကို ချင့်ချိန်ပြီး ပွင့်လင်းရာသီရောက်သည့်အခါ ရေထွက်ပြွန်(Culvert) သို့မဟုတ် တံတား(Bridge) တည်ဆောက်မည်ဟု ၎င်းက ပြောကြားပါသည်။ 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 359 times