ကျပ်သန်း (၁၁၀၀၀)ခန့်ကုန်ကျမည့်အတ္တရံမြစ်ကူး(စံပယ်ကူး)တံတားချဉ်းကပ်လမ်း ၂၀၂၀ ခုနှစ်စက်တင်ဘာလပြီးမည်


20 January, 2020

ကျပ်သန်း (၁၁၀၀၀)ခန့်ကုန်ကျမည့် အတ္တရံမြစ်ကူး (စံပယ်ကူး) တံတားချဉ်းကပ်လမ်း ၂၀၂၀ ခုနှစ် စက်တင်ဘာလပြီးစီးမည်။

ကျိုက်မရောမြို့နယ်ရှိ စီမံကိန်းကို တန်ဖိုးကျပ်သန်း (၁၁၀၀၀) ခန့်ကုန်ကျမည်ဟုခန့်မှန်းထားပြီး တံတားတည်ဆောက်မှု အပိုင်းသည် ၂၀၁၉ နှစ်ကုန်အထိ ရာခိုင်နှုန်း ၄၀ ပြီးစီး၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဟု စီမံကိန်းဌာနမှတစ်ဆင့် သိရသည်။

ထိုတံတားကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရော-စံ ပယ်ဂူ-ကော့ပနောလမ်း ကျိုက်မရောမြို့၏ အရှေ့ဘက် ၂ မိုင် ၄ ဖာလုံခန့်အကွာတွင် တည်ဆောက်နေခြင်းဖြစ်သည်။

အတ္တရံမြစ်ကူး (စံပယ်ကူး) တံတားသည် အကျယ် (၃၄) ပေ (၆) လက်မ၊ အရှည် (၂၁၁၃) ပေရှိပြီး ရေကင်းလွတ် အမြင့်ပေ (၄၆) ပေ၊ အကျယ် (၃၆၀) ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေ ၁၁ လက်မ၊ လူသွားလမ်းအကျယ်တစ်ဖက် ၃ ပေ ၃ လက်မရှိသည်။

ကျိုက်မရောမြို့သည် ယခင်ကရေကြီးမှု ဖြစ်ပွားခဲ့ပြီး အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား၏ ကျိုက်မရောဘက်ချဉ်းကပ် တာပေါင်လမ်းမြင့်နေသောကြောင့် ရေကြီးမှုဒဏ်ကို ခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

"ကျိုက်မရောဘက်တွင် ၁၀ ပေပတ်လည် ဗောက်ဆားဗစ်တွေ၊ ကျိုက်မရောဘက်မှာ မြောင်းသုံးစင်းလုပ်ထားတယ်။

ကော့ပနောဘက်မှာ တစ်စင်းဆိုတော့ ပေါင်းလေးစင်း လုပ်ထားပါတယ်။ တံတားလည်း လုပ်ထားတာရှိသေးတယ်။ တံတားက ပေ ၂၀၊ ပေ ၄၀၊ ပေ ၅၀ တစ် စင်းစီရှိ တယ်။ ကျိုက်မရောဘက်ခြမ်းမှာ ပေ ၂၀၊ ပေ ၄၀ တံတားရှိတယ်။

အရင် တာပေါင်မှာ လုပ်ထားတာပေါ့။ ကျွန်တော်တို့ ဆောက်ထားတဲ့တာပေါင်မှာ ဘောက်ဆားဗစ်တော့ ထည့်ထားတယ်။ ဆောက်ထားတဲ့ တာပေါင်အရ ရေက သူ့ရေလမ်းကြောင်းကို ပိတ်သွားတာ မရှိဘူး။

သူ့လမ်းကြောင်းနဲ့သူ ဆင်းသွားတာပဲ။ တာပေါင်တည်ဆောက်တဲ့အတွက်တော့ ကျိုက်မရောရေကြီးမှုနဲ့ ပတ်သက်မှုမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ရေကသူ့လမ်းကြောင်းနဲ့ သူတက်လာတာ၊ ကျွန်တော်တို့က ပိတ်ထားတာမရှိဘူး။ ဘောက်ဆားဗစ် သုံးစင်းလောက် ထည့်ပေးတယ်ဆိုတာလည်း ရေကအသွားအလာ အဆင်ပြေအောင် ထည့်ပေးထားတာပါ။ အမှန်ကတော့ မထိခိုက်ပါဘူး။ စိုးရိမ်စရာ မရှိပါဘူး” ဟု မော်လမြိုင်ခရိုင် အင်ဂျင်နီယာမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ဆိုသည်။

Region Read 92 times