အိမ်ရာတိုက်ခန်းများကို ထပ်ဆင့်ငှားရမ်း/ရောင်းချပါက ပြန်လည်သိမ်းဆည်းမည်


17 November, 2020

တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ၏ အခန်းတန်ဖိုးငွေပေးသွင်းနေစဉ် ကာလအတွင်း ငှားရမ်းရောင်းချသည်ကို စိစစ်တွေ့ရှိပါက အဆိုပါတိုက်ခန်းကို ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ယင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား ငှားရမ်းပါက မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်း သိရသည်။

နေထိုင်ခွင့်ရသူများအနေနှင့် တိုက်ခန်းပိုက်ဆံ မကျေသေးခင်ငှားရမ်းခွင့်၊ရောင်းချခွင့်မရှိပါ။ငှားရမ်းခွင့်လည်းပေး မထားကြောင်း သိရသည်။

တန်ဖိုးနည်းအိမ်ရာဆိုသည်မှာ ကိုယ်တိုင်မနေဘဲ ငှားစားနေသည်အတွက် ခွင့်မပြုနိုင်ကြောင်းသိရသည်။ငှားရမ်းသူများအနေနှင့် မိသားစုဝင်များ၊ဆွေမျိုများကိုသာ နေထိုင်ခွင့်ပေး၍ရသည်။အပြင်လူ ငှားစား၍မရ။

ယခုတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချထားသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာအပိုင်း ၁ နှင့် ၂ မှ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို

အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသူများက တိုက်ခန်းတန်ဖိုး ငွေပေးသွင်းနေစဉ် ကာလအတွင်း တစ်လလျှင် ကျပ်ခုနစ်သောင်းမှ ကိုးသောင်းဝန်းကျင်ဈေးနှုန်းဖြင့် ငှားရမ်းမှုများ ရှိနေကြောင်း အဆိုပါ တိုက်ခန်းကို ဝယ်ယူထားသူများထံမှ သိရသည်။

ထိုငှားစားသူအများစုသည်အိမ်ပိုင်ရှိနေပြီး ထိုအိမ်ငှားခနှင့် ဘဏ်သို့ လစဉ်ပေးသွင်းနေသည်။အိမ်မရှိသူများအတွက် အရမ်းနစ်နာပြီး သေချာ စိစစ်ပေးပါဟု ယုဇန တန်ဖိုးနည်းအိမ်ရာတွင်နေထိုင်သူ မှ ပြောကြားကြောင်း သိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအပိုင်း (၁)၊ (၂)မှ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး

ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB)ထံမှ သိရသည်။

Region Public Housing Read 34 times