ကျောက်တန်း သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရောင်းမည်

05 January, 2021

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်(Local Industrial Zone)နှင့် TSEZ စက်မှုဇုန်အနီး၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ခဲ့သော တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဆောက်လုပ်ပြီးစီးပြီဖြစ်၍ လက်ငင်းငွေ အကြေပေးသွင်းကာ ဝယ်ယူနိုင်သလို အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID BANK)၌ စုဆောင်းငွေများစာရင်းဖွင့်၍ ဘဏ်ချေးငွေ ရှစ်နှစ်မှ ၁၅ နှစ် အရစ်ကျပေး၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

ဈေးနှုန်းများ

ရောင်းချပေးမည့် တိုက်များနှင့် အခန်းများမှာ လေးခန်းတွဲ ငါးထပ်တိုက် ၁၂ လုံးမှ စတုရန်းပေ ၆၅၀ အကျယ်ရှိ အခန်း ၂၄၀၊ ရှစ်ခန်းတွဲ ငါးထပ်တိုက် သုံးလုံးမှ စတုရန်းပေအကျယ် ၉၄၀၊ ၄၄၀၊ ၄၀၀ ရှိ အခန်း ၁၀၈ ခန်း၊ ရှစ်ခန်းတွဲ ငါးထပ်တိုက် ၁၆ လုံးမှ စတုရန်းပေ ၄၄၀၊ ၄၀၀ ရှိ အခန်း ၆၄၀၊ ခြောက်ခန်းတွဲ ငါးထပ်တိုက် ၂၄ လုံးမှ စတုရန်းပေအကျယ် ၃၈၄ ပေရှိ အခန်း ၇၂၀ တို့ဖြစ်သည်။

ဈေးနှုန်းများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက် စတုရန်းပေ ၄၄၀၊ ၄၀၀ ရှိ မြေညီထပ် ၁၃၄ သိန်း၊ ပထမထပ် ၁၂၁ သိန်း၊ ၁၃၁ သိန်း ဈေးနှစ်စား၊ ဒုတိယထပ် ၁၁၅ သိန်း၊ ၁၂၄ သိန်း ဈေးနှစ်စား၊ တတိယထပ် သိန်း ၁၁၀၊ ၁၁၈ သိန်း ဈေးနှစ်စား၊ စတုတ္ထထပ် ၁၀၄ သိန်း၊ ၁၁၂ သိန်း၊ ခြောက်ခန်းတွဲ ငါးထပ်တိုက် စတုရန်းပေ ၃၈၄ ပေ တိုက်မှ မြေညီထပ် ၁၂၃ သိန်း၊ ပထမထပ် ၁၁၅ သိန်း၊ ဒုတိယထပ် သိန်း ၁၁၀၊ တတိယထပ် ၁၀၄ သိန်း၊ စတုတ္ထထပ် ၉၉ သိန်း စသည်တို့ ဖြစ်သည်။

အိမ်ခန်းများဝယ်ယူရာ၌ လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုသူများသည် ကိုယ်တိုင်လာရောက်ပြီး မှတ်ပုံတင်မူရင်းနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်းမိတ္တူ၊ အိမ်ရာစုဆောင်းငွေစာအုပ်မူရင်းတို့ကို တစ်ပါတည်း ယူဆောင် လာရမည်ဖြစ်သည်။ ဌာနသို့ တန်ဖိုးငွေပေးသွင်းရန်အတွက် ငွေသွင်းချလန်ကို ဝယ်ယူသည့်နေ့တွင် တစ်ပါတည်းဖြတ်ပေးမည်ဖြစ်၍ ဘဏ်ငွေသွင်းချလန်ကို ဌာနသို့ တစ်ပတ်အတွင်း မပျက်မကွက်ပြန်လည်ပေးအပ်ရမည်ဖြစ်ကာ ငွေပေး သွင်းခြင်းမရှိပါက ဝယ်ယူခွင့်ပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။

ဘဏ်ချေးငွေဖြင့် ဝယ်ယူလိုသူများသည် CHID ဘဏ်တွင် အခန်းတန်ဖိုး၏ (၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း)အတွင်း ကနဦးပေးသွင်းဝယ်ယူနိုင်သည်။ ချေးငွေရယူရန်အတွက် CHID ဘဏ်မှ အိမ်ရာချေးငွေ လျှောက်ထားသူများသည် ချေးငွေရယူရန်အတွက် လိုအပ်သည့်အထောက်အထားအပြည့်အစုံကို မိမိတို့ စာရင်းဖွင့်လှစ်ထားသည့် CHID ဘဏ်သို့ လျှောက်ထားရန်နှင့် ဘဏ်မှ ချေးငွေ ခွင့်ပြုနိုင်သည့်သူများကိုသာ အိမ်ရာချေးငွေဖြင့် ဝယ်ယူခြင်းကို အတည်ပြုပေး မည်ဖြစ်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်

Public Housing Read 5580 times