စီးပွားရေးဇုန်၏ တောင်ဘက်၌ မြေဟက်တာ ၂၀၀ အား ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ထားဟုဆို


01 January, 2020

သီလဝါအထူးစီးပွားရေးဇုန် A နှင့် ဇုန် B ရှိ မြေကွက်များအား လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးရောင်းချပြီး အထူးစီးပွားရေးဇုန်၏ တောင်ဘက်တွင် မြေဟက်တာ ၂၀၀ အား ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း Myanmar Japan Thilawa Development Ltd (MJTD) ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU ၏ ပြောကြားချက်အရ သိရသည်။

 MJTD ၏ Midterm Business Plan အရ သီလဝါအထူးစီးပွားရေးဇုန် A နှင့် ဇုန် B အား လာမည့် ၂၀၂၁ တွင် နောက်အကျဆုံး အပြီးအစီးရောင်းချနိုင်မည်ဟု မျှော်မှန်းထာပြီး ရှေ့ဆက်ပြီး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်၏ တောင်ဘက်တွင် မြေဧက ဟက်တာ ၂၀၀ အား အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

 “MJTD ရဲ့ Midterm business plan အရ သီလဝါအထူးစီးပွားရေးဇုန် A နဲ့ ဇုန် B ကို လာမယ့် ၂၀၂၁ မှာ နောက်အကျဆုံး အပြီးအစီးရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဆက်လက်ပြီး SEZ ရဲ့ တောင်ဘက်မှာ မြေဟက်တာ ၂၀၀ ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ ဒီလိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ဇုန် B ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၀ ဒီဇင်ဘာမှာ ပြီးစီးနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု MJTD ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU က ပြောကြားသည်။

 သီလဝါအထူးစီးပွားရေးဇုန် A အဖြစ် အကောင်အထည်ဖော်နေသည့် မြေ ၄၀၅ ဟက်တာအနက် ၉၉ ရာခိုင်နှုန်းအား ရောင်းချပြီးဖြစ်ကာ ဇုန် B တွင် ရာခိုင်နှုန်း ၅၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

 “MJTD အနေနဲ့သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A ၄၀၅ ဟက်တာရှိပြီး ပထမဆုံးအကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင်ဇုန် A ကို အကောင်အထည်ဖော်ပြီး သွားတော့ ဇုန် B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။ ဇုန် B ကို အကောင်အထည်ဖော်တဲ့နေရာမှာ Phase by Phase အပိုင်းလိုက်ခွဲခြားပြီး အကောင်အထည်ဖော်နေပါတယ်။

 လက်ရှိမှာတော့ ဇုန် A ရဲ့ ၉၉ ရာခိုင်နှုန်းကို ရောင်းချပြီးဖြစ်သလို ဇုန် B ရဲ့ အပိုင်း (၁) မှာ ၇၉ ရာခိုင်နှုန်း၊ အပိုင်း (၂) မှာ ၄၉ ရာခိုင်နှုန်းနဲ့ အပိုင်း (၃) မှာ ၆၂ ရာခိုင်နှုန်းရောင်းချပြီးဖြစ်ပါတယ်” ဟု Myanmar – Japan Thilawa Development ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက ပြောကြားသည်။

 သီလဝါအထူးစီးပွားရေးဇုန် (B) ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar – Japan Thilawa Development ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။

 မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်နေသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး တိုယိုတာမော်တော်ကားကုမ္ပဏီက အဆိုပါသီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံရန်ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း သီလဝါတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ဆိုသည်။

 လက်ရှိတွင် ပြည်တွင်းဈေးကွက်ဗဟို ပြုစက်ရုံလုပ်ငန်း Domestic Market Oriented တွေက ရာခိုင်နှုန်း ၇၀ ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပဈေးကွက်အား ထိုးဖောက်မယ့် ကုမ္ပဏီများလာ ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း Mynmar Japan Thilawa Development Ltd မှ သိရသည်။

Factory and Industrial Plant Read 33 times