ရှမ်းပြည်နယ်ရှိအခြေခံအဆောက်အဦများ အကြောင်းတစေ့တစောင်း


04 December, 2020

ရှမ်းပြည်နယ်သည်မြန်မာနိုင်ငံတွင်မြေနေရာအကျယ်ပြန့်ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၆ဝ,၁၅၅ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်း မြေဧရိယာ၏ ၂၃ ရာခိုင်နှုန်း ရှိပါသည်။

           ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးအရ ဆက်စပ်နေသဖြင့် ကုန်သွယ်ရေးအရ အချက်အချကျသည့် ဒေသတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ရန်ကုန်မြို့မှ ၇၁၆ ကီလိုမီတာ ကွာဝေးပြီး တောင်ကြီးမှ တရုတ်နယ်စပ်မူဆယ်အထိ ၇၇၉ ကီလိုမီတာ နှင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ သို့ ၆၉၈ ကီလိုမီတာ ကွာဝေးသည်။ရှမ်းပြည်နယ် အတွင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းသည့်ကားလမ်း ၂၃၈ လမ်း၊အရှည် ၄၈၉၇ မိုင်ရှိပြီး မြို့နယ်ချင်း ဆက်လမ်းပေါင်း ၃၉၃ မှ အရှည် ၆၃၇ဝ မိုင် ရှိသည်။

          အာရှလမ်းမကြီး အမှတ်(၂)သည် ထိုင်းနိုင်ငံ၊မဲဆောက်မှ မြန်မာနိုင်ငံ တာချီလိတ်၊ကျိုင်းတုံ၊မိတ္ထီလာ၊မန္တလေး၊တမူးနှင့် မိုရေး(အိန္ဒိယ)သို့ဖြတ်သန်းသည်။အာရှလမ်းမကြီးအမှတ် ၁၄ သည် တရုတ်နိုင်ငံ၊ကူမင်း၊ရွှေလီမှ မြန်မာနိုင်ငံ၊မူဆယ်၊လားရှိုး နှင့် မန္တလေး အထိ ရောက်ရှိသည်။ယင်းအာရှအဝေးပြေးလမ်းမကြီးများကို လေးလမ်းသွား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ထားသည်။ရှမ်းပြည်နယ်သည် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်း မီးရထားလမ်း ၂ဝ၊အရှည် ၇၅၆ မိုင်ကို ကြိုးစားဖောက်လုပ်ထားသည်။

          ရှမ်းပြည်နယ်အတွင်း လေဆိပ် ငါးခု ရှိပြီး ဟဲဟိုး၊လားရှိုး၊ကျိုင်းတုံ၊တာချီလိတ် နှင့် မိုင်းဆတ်တို့ဖြစ်သည်။ဟဲဟိုးလေဆိပ်သို့တစ်နေ့လျှင် လေယာဉ် အစီး ၃ဝ ဆင်းသက်ပြီး ကမ္ဘာလှည့် ခရီးသွား အသွားများသည့် လေဆိပ်တစ်ခုဖြစ်သည်။တာချီလိတ်လေဆိပ်သို့ တစ်နေ့လျှင်လေယာဉ် ၈ စီး မှ ၁ဝစီး အထိ ဆင်းသက်သည်။အနာဂတ်ကာလတွင် တရုတ်နိုင်ငံလင်ချန်းမြို့မှ ဟဲဟိုးသို့လည်းကောင်း၊ ထိုင်းနိုင်ငံ ချိန်းရိုင်မှ ဟဲဟိုးသို့လည်းကောင်းတိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းရန် ညှိနှိုင်းလျက်ရှိသည်။

          ရှမ်းပြည်နယ်အတွင်း စီးပွားရေး ဖွံ့ဖြိုးရေးစီမံကိန်းများ၊အိမ်ရာစီမံကိန်း၊ဟိုတယ်ဇုန်များ အကောင်အထည်ဖော်လျက်ရှိသည်။ယင်းအနက် အထင်ကရစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းနှင့် ရှမ်းပြည်တောင်ပိုင်းရှိတောင်ကြီး စီးပွားရေးစင်တာတို့ရှိသည်။မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းအား နယူးစတားလိုက် ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကုန်ပစ္စည်း ရောင်းဝယ်ရေးဇုန်နှင့် သိုလှောင်ရုံများ၊ အသေးစားစက်မှုလုပ်ငန်းထုတ်လုပ်ရေးဇုန်၊ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း၊အဆင့်မြင့်အိမ်ရာစီမံကိန်း၊ စီမံခန့်ခွဲမှုနှင့် ဘဏ်လုပ်ငန်း၊ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပါရှိသည်။

          အနာဂတ်တွင် မူဆယ်မြို့အနီးတွင်လေယာဉ်ကွင်းတည်ဆောက်ရန် စီစဉ်နေကြောင်းသိရသည်။တောင်ကြီးစီးပွားရေးစင်တာတွင် ဇုန် (၅)ခုပါရှိပြီးစားသောက်ဆိုင်လုပ်ငန်း၊ဘဏ်လုပ်ငန်း၊အပန်းဖြေစင်တာ၊လူနေအိမ်များ၊ကုန်စည်သိုလှောင်ရုံ၊အဝေးပြေးယာဉ်ရပ်နားစခန်း၊ဟိုတယ်နှင့် ရုပ်ရှင်ရုံ၊ဈေးဝယ်စင်တာများပါရှိသည်။ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးဇုန်၊စက်မှုဇုန်၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ဖွံ့ဖြိုးရေးဇုန်များ တိုးချဲ့လုပ်ကိုင်ရန် အခွင့်အလမ်းများစွာ ရှိပါသည်။ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၊အဖွဲ့အစည်းများက ပိုမိုဆောင်ရွက်ရန် လိုအပ်သည်။ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်မှု၊လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းတိုးတက်ကောင်းမွန်မှုကလည်း ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းအတွက် အလွန်အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်။

Region Mixed Use and Urban Read 35 times