ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေ ပြင်ဆင်ချက်


06 December, 2020

   မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်းဥပဒေ ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်မှ သြဂုတ် ၂၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်သည့်အတွက်ကြောင့်

စီမံခန့်ခွဲရေးကော်မတီအား စက်တင်ဘာလကုန်ပိုင်းတွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

           ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ''စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းဖို့ ဆက်လုပ်ပေးနေပါတယ်၊ ကော်မတီဖွဲ့စည်းပြီးပြီဆိုရင်ဆောက်လုပ်ပြီးအကျုံးဝင်တဲ့ ကွန်ဒိုမီနီယံအကုန် လုံးက Register လုပ်လို့ရပါလိမ့်မယ်၊ မဆောက်လုပ်ရသေးတဲ့ ကွန်ဒိုမီနီယံအတွက်ကိုခုမှ ဆောက်လုပ်မယ့်သူအနေနဲ့ကတော့ မြေကိုအရင်ဆုံး Registration သွင်းရမှာဖြစ်ပြီး လုပ်ဆောင်ချက် အတိုင်းအဆင့်ဆင့်လုပ်ဆောင်ပြီးမှကွန်ဒိုမီနီယံအဆောက်အအုံကို ဆောက်လုပ်ခွင့်ရမှာဖြစ်ပါတယ်၊Developer တွေအနေနဲ့ ဥပဒေမှာပါရှိတဲ့အတိုင်း အလုံးစုံကို လိုက်နာရမှာပါ'' ဟု ရှင်းပြသည်။

               မြန်မာရွှေဥဒေါင်းမင်းနှင့် မဟာနဝရတ်မြေ ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ''ဥပဒေမရှိတာထက်စာရင် ရှိတာ အများကြီးကောင်းသွားတာပေါ့၊ နိုင်ငံခြားက ဝင်ငွေဝင်ရောက်လာမှာဖြစ်ပြီး တစ်ဖက်တစ်လမ်းကလည်းအရောင်းအဝယ်ကောင်းလာမှာဖြစ်ပါတယ်၊ ပြီးတော့ စီမံ      ခန့်ခွဲမှုကော်မတီပေါ်လာပြီဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ကော်မတီရဲ့ စည်းကမ်းကိုလိုက်နာပြီးလုပ်ဆောင်ရမှာပါ'' ဟု ပြောသည်။

            ဥပဒေအရပေးအပ်ထားသော တာဝန်များအရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်စီမံခန့်ခွဲရေးကော်မတီများကို ဖွဲ့စည်းခြင်း၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိ ခန့်အပ်ခြင်း၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ကော်မတီမှ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူသို့ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ကြေးကို ဝန်ကြီးဌာန၏ သဘောတူညီချက် ဖြင့် သတ်မှတ်ကောက်ခံခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ တည်ထောင်သူက တင်ပြသည့် မူလအချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုးကို စိစစ်အတည်ပြုခြင်း၊ အိမ်ခန်းလွှဲပြောင်းမှုကို မှတ်ပုံတင်ရန်ပျက်ကွက်ပါက ဒဏ်ကြေးသတ်မှတ်ခြင်းနှင့် စုပေါင်းပိုင်အဆောက်အအုံကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်ခြင်းအတွက် အတည်ပြုချက်ထုတ်ပေးခြင်းများကို ဆောင်ရွက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Laws and Regulations Read 130 times