နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဉယျာဉ် ဖေဖော်ဝါရီ ၇ ရက်တွင် စတင် ဖွင့်လှစ်မည်


23 January, 2021

CCTV များပါ တပ်ဆင်မည့် နောက်ဖေးလမ်းကြား အဆင့်မြင့် စိမ်းလန်းစိုပြည်ဥယျာဉ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖွင့်လှစ်မည်>

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလမ်းညွှန်မှုဖြင့် ဒို့အိမ်နှင့် စိမ်းလန်းစိုပြည်ဉယျာဉ် ပြုပြင်ထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဉယျာဉ်ကို လာမည့် ဖေဖော်ဝါရီ ၇ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အဆင့်မြင့် စိမ်းလန်းစိုပြည်ဥယျာဉ်ကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၇) ရပ်ကွက် အတွင်းရှိ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား(အလယ်ဘလောက်) နောက်ဖေးလမ်းကြားတွင်  အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပြီး ယခုအခါ နံရံဆေးသုတ်လုပ်ငန်းက ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ပန်းချီဆွဲခြင်းလုပ်ငန်းများမှာ ရာခိုင်နှုန်း ၄၀ ကျော် ပြီးဆုံးနေပြီဖြစ်သည်။ ယင်းအဆင့်မြင့် စိမ်းလန်းစိုပြည်ဉယျာဉ်သည် ဒို့အိမ်အနေဖြင့် ဆောင်ရွက်ခဲ့သည်မှာ ၁၂ ခုမြောက်ဖြစ်ပြီး ယခင်က ပန်းဘဲတန်းမြို့နယ်တွင် ၁၀ ခုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် တစ်ခု လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

 

“ကျွန်တော်တို့ ဒို့အိမ်အနေနဲ့ ဒီလုပ်ငန်းကို ၂၀၂၀ ခုနှစ် ၃ လပိုင်းလောက်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာပါ။ စတင်အကောင်အထည်မဖော်ခင်တကည်းက တစ်အိမ်တက်ဆင်း လိုချင်၊ ထည့်ချင်တဲ့ ဒီဇိုင်းပုံစံလေးတွေကို Survey လုပ်ခဲ့ပါတယ်။ ဒီနောက်ဘေးလမ်းကြား စိမ်းလမ်းစိုပြည်ဉယျာဉ်ကို အဆင့်မြင့်မြင့်နဲ့ အနားယူနိုင်မယ့် အနေအထားမျိုးဖြစ်အောင် လုပ်ဆောင် သွားမှာပါ” ဟု ဒို့အိမ်မှ ကိုပြည့်ဖြိုးအောင်က ပြောသည်။

 

အဆင့်မြင့်နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဉယျာဉ်တွင် ဆေးရေးနံရံပန်းချီများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကူညီထောက်ပံ့သော ကာယအားကစားလေ့ကျင့်ရေး ပစ္စည်းများ၊ စာကြည့်တိုက်များ၊ ကလေးဖူဆယ်ဘောလုံးကွင်းများ၊ ကြက်တောင်၊ ဘက်စကတ်၊ ခြင်းလုံး၊ ဘောလုံးကွင်း စသည်ဖြင့် အဆင်မြင့် စိမ်းလန်းစိုပြည်ဥယျာဉ်တစ်ခုတွင်ပါဝင်သော ထိုင်းခုံများပါမကျန် ထည့်သွင်းပေးသွားမည်ဖြစ်ပြီး လာရောက်အနားခို အပန်းဖြေသူများ လုံခြုံရေးအတွက်လည်း CCTV များ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီနောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဉယျာဉ်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်ပေးခဲ့ပြီး ဒို့အိမ်ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ အခုလို လုပ်ဆောင်ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ နောက်ဖေးလမ်းကြား ပြည်သူတွေ အမှိုက်ပစ်မှု မရှိစေဖို့နဲ့ အနားယူနိုင်ဖို့၊ အပန်းဖြေနိုင်ဖို့  ဆောင်ရွက်ဖြစ်ခဲ့တာပါ၊ ပြည်သူကလည်း တစ်ခဲနက် အားပေး လိုက်ပါတော့ အလုပ်က ပိုပြီးတော့ အောင်မြင်ထိရောက်ခဲ့ပါတယ်” ဟု စိမ်းလန်းစိုပြည်ဥယျာဉ် ပြုပြင်ထိန်းသိမ်းရေးကော်မတီမှ ဦးခင်မောင်လတ်က ပြောသည်။

 

ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသော နောက်ဖေးလမ်းကြား စိမ်းလန်းစိုပြည်ဥယျာဉ်သည် အရှည်ပေ ၆၈၀ ရှိပြီး အနံမှာ ၁၄ ပေ နှင့် အချို့နေရာများတွင် ၁၆ ပေအထိ ရှိကြောင်းနှင့် ဒို့အိမ်၏ စီစဉ်မှုဖြင့် သန့်ရှင်းအမှိုက်အိမ်ပါ ထည့်သွင်းထားကာ ယင်းအမှိုက်အိမ်သို့လည်း အမှိုက်စိုနှင့် အမှိုက်ခြောက်ခွဲကာ အနီးဝန်းကျင် အိမ်များမှ လာရောက်ပစ်နိုင်ကြောင်း သိရသည်။

 

 

Local Read 396 times