အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project


20 January, 2021

ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

 ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာ၌ ယခုအခါ လျှပ်စစ်ဓာတ်အား တိုးတက်လိုအပ်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ပြည်ပမှ LNG တင်သွင်း ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် ပြည်တွင်းမှ ရနိုင်သမျှသော အရင်းအမြစ်များအားလုံးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၃၀) ရက်တွင် LNG to Power စီမံကိန်းကြီး(၃)ခုအတွက် ကုမ္ပဏီများသို့ Notice to Proceed (NTP) ထုတ်ပေးခဲ့ရာ၌ TTCL Co.,Ltd မှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့သော အလုံ LNG to Power Combined Cycle Power Plant စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
အလုံ LNG စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ခဲ့ပြီး Feasibility Study ၊ Environmental Impact Assessment ၊ LNG Feasibility နှင့် Gas Pipeline တို့အပါအဝင် စီမံကိန်းအတွက် မြေယာပိုင်ဆိုင်မှု အစရှိသည့် လုပ်ငန်းများကို TTCL Co.,Ltd သည် ကြိုတင်ပြင်ဆင်ခြင်းကာလ (၂)နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည်။ 

တစ်ချိန်တည်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် PPA စာချုပ်ချုပ်ဆိုနိုင်ရေး ကုမ္ပဏီများ၊ Stakeholders များအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စီမံကိန်းသဘောသဘာဝအရ အခြားသောသမားရိုးကျ စီမံကိန်းများနှင့် ကွဲပြားနေသည့်အတွက် ဌာနအနေဖြင့် နိုင်ငံတကာ ဥပဒေရေးရာ၊ စီးပွားရေးရာ၊ အတတ်ပညာပိုင်းဆိုင်ရာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး PPA စာချုပ်ပါ Schedule အရ TTCL ကုမ္ပဏီအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုံဓာတ်အားပေးစက်ရုံ Combined Cycle Power Plant စီမံကိန်း၏ စီးပွားဖြစ်စတင်လည်ပတ်နိုင်မှုသည် ယခုလာမည့် (၃)နှစ်အတွင်းပြီးစီးရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်သည်။
Combined Cycle Technology ကို အသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ် လုပ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သလောက်နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်။
TTCL ကုမ္ပဏီသည် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍ၌ ဂျပန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများ ရှိပြီးဖြစ်သည့်အပြင် ကုန်းတွင်းပိုင်း LNG Terminal and Regasification Unit တည်ဆောက်ခြင်း၊ လိုအပ်သော ဆက်စပ်ပစ္စည်းများဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် Transmission Line အားလုံးကို ရန်ကုန်ဧရိယာအတွင်း တည်ဆောက်သွားမည်ဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းနှင့် Operation လုပ်ငန်းအဆင့်တိုင်းတွင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသာမက နိုင်ငံတွင်းစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကိုပါ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ 

အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း LNG Terminal နှင့် Regasification Unit ကို အသုံးပြုသည့် ပထမဆုံး ရေရှည် LNG စီမံကိန်းတစ်ခုဖြစ်ပြီး LNG ထောက်ပံ့မှုသည်လည်း တည်ငြိမ်စွာဆောင်ရွက်နိုင်ခြင်းကြောင့် ယုံကြည်စိတ်ချရမှုမြင့်မားသည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။
စီမံကိန်း အောင်မြင်စွာပြီးဆုံးသည့်အခါ PPA စာချုပ်အရ ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ပိုမိုတည်ငြိမ်စိတ်ချရသည့် လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်မည်လည်း ဖြစ်သည်။
ကုမ္ပဏီအနေနှင့်လည်း PPA တွင် ဖော်ပြထားသော Time Schedule အတိုင်း အချိန်မီပြီးစီးနိုင်ရေး အကောင်းဆုံး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်၊

TTCL Power Myanmar Co.,Ltd. မှ Chairman of the Board of Directors, President & CEO Mr. Hironobu Iriya က စီမံကိန်းနှင့်စပ်လျဉ်း၍ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် TTCL Power Myanmar Co.,Ltd. မှ Managing Director Ms. Suratana Trinratana တို့က Power Purchase Agreement (PPA) စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး TTCL Power Myanmar Co.,Ltd. မှ President & CEO Mr. Hironobu Iriya ၊ Managing Director Ms. Suratana Trinratana နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

သတင်းစဉ်

Local Read 823 times