အခွန်ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှအကြံပြုချက်များ ရယူသွားမည်


05 December, 2020

စီးပွားရေးကျဆင်းမှုကို ပြန်လည် မြှင့်တင်ရန်အခွန်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA)က ကြိုးပမ်းလျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ အကြံပြုချက်များ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

          ထိုသို့အခွန်နှင့် ပတ်သက်သည့် အကြံဉာဏ်များ ရယူနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲတွင် ကွန်ဒိုမီနီယံနည်းဥပဒေ၊တံဆိပ်ခေါင်းခွန်.၊အိမ်ခန်းခွန်၊ဝင်ငွေခွန်စသည့်အကြောင်းအရာများ နှင့် ပတ်သက်သည့် အကြံပြုချက်များကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

"လွှတ်တော်အား တင်ပြသွားမည့် အခွန်ဥပဒေသည် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ လုပ်ငန်းတိုင်းအားလုံးအတွက် တကယ်လိုအပ်သည့်အရာဖြစ်သောကြောင့် အခွန်ဥပဒေတစ်ရပ်ပြဋ္ဌာန်းသွားနိုင်ရန် ဆောင်ရွက်သွားမှာပါ"

ဟု MCEA ဥက္ကဋ္ဌမှ ပြောသည်။

          ထိုသို့အခွန်ဥပဒေ တစ်ရပ်ပြဋ္ဌာန်းနိုင်ရန် လုပ်ငန်းအသင်းအဖွဲ့ပေါင်း ၃ဝ ကျော်မှ နားလည်မှုစာချွန်လွှာရေးထိုးကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဥပဒေရေးရာကော်မတီနှင့် လိုအပ်သည့်အချက်အလက်များ ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးကဏ္ဍ ကျဆင်းနေမှုကြောင့် လုပ်ငန်းရှင်အများစုက မည်သည့် လုပ်ငန်းမှ လုပ်ကိုင်ခြင်းမရှိဘဲ ကိုယ်ပိုင်ငွေများကို ဘဏ်သို့သွင်းကာ အတိုးငွေကို ရယူနေကြကြောင်း၊ ထိုသို့ အခြေအနေများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးလာပြီး စီးပွားရေး များလည်းကျဆင်းလာနေပြီဖြစ်ကြောင်း၊ သို့ဖြစ်ရာ မဖြစ်မနေ ပြဋ္ဌာန်းရန်လိုအပ်နေသည့် အခွန် ဥပဒေအတွက် အဆိုတစ်ရပ်ကို ပြည်သူ့လွှတ်တော်တွင် မကြာမီတင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။

Laws and Regulations Read 67 times