ADB ချေးငွေ ဘတ် ၂၂ ဘီလျံဖြင့် မုတ်သုန်လေ စီမံကိန်း အကောင်အထည် ဖော်မည်


22 December, 2021

ADB ချေးငွေ ဘတ် ၂၂ ဘီလျံဖြင့် မုတ်သုန်လေ စီမံကိန်း အကောင်အထည် ဖော်မည်

မုတ်သုန်လေစီမံကိန်း Monsoon Wind project ကို လာအိုနိုင်ငံတွင် အကောင်အထည်ဖော်ရန် အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB) က ချေးငွေ ဘတ် ၂၂ ဘီလျံ စီစဉ်ပေးမည်။ မုတ်သုန်လေ စီမံကိန်းသည် အရှေ့တောင်အာရှတွင် လေအားလျှပ်စစ် ထုတ်လုပ်မှုပမာဏ အကြီးမားဆုံးဖြစ်လာမည့် စီမံကိန်း ဖြစ်သည်။

နိုင်ငံပိုင် လုပ်ငန်း Bangchak Corporation Plc ၏ ပြန်ပြည့်မြဲစွမ်းအင် လုပ်ငန်းလက်တံ ဖြစ်သော BCPG Plc သည် အဆိုပါစီမံကိန်းကို လုပ်ကိုင်မည် ဖြစ်သည်။
၆၀၀ မီဂါဝပ် ထုတ်လုပ်မည့် လေအားလျှပ်စစ်စခန်းသည် BCPG ၏ စိမ်းလန်းပါဝါ စီမံကိန်းများအနက် တစ်ခုဖြစ်ပြီး ADB သည် BCPG ၏ စိမ်းလန်းပါဝါ စီမံကိန်းအချို့ကို ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပြုပေးသည်။ ယခင်က ADB ချေးငွေ အထောက်အကူဖြင့် ထိုင်းနိုင်ငံတွင် စွမ်းအင်သိုလှောင်စနစ်နှင့်တကွ BCPG ၏ ပထမဆုံး လေအားလျှပ်စစ်စခန်းကို ဆောက်လုပ်ခဲ့သည်။
 BCPG ၏ အမှုဆောင်အရာရှိချုပ်  Bundit Sapianchai က "မုတ်သုန်လေစီမံကိန်းက ဘဏ်တွေ ချေးငွေ ထုတ်ချေးလို့ရတဲ့ လုပ်ငန်းမျိုးပါ။ ဖွံ့ဖြိုးရေးဘဏ်တချို့ စိတ်ဝင်စားကြတယ်။ ထိုင်းမှ ဘဏ်တွေ၊ ပင်လယ်ရပ်ခြားမှ ဘဏ်တွေ စိတ်ဝင်စားတဲ့အထဲ ပါဝင်တယ်" ဟု ပြောကြားသည်။

 "ကျွန်တော်တို့ဆီ ဘဏ်တွေက ကမ်းလှမ်းထားတဲ့ အဆိုပြုလွှာတွေကို စဉ်းစားဆုံးဖြတ်ပါမယ်။ ရွေးချယ်တဲ့လုပ်ငန်းစဉ်ကို လာမယ့်နှစ် ပထမ သုံးလပတ်အတွင်း အပြီးလုပ်ဆောင်ပါမယ်" ဟု သူက ပြောပြသည်။

လေအားလျှပ်စစ် ထုတ်လုပ်ရေးစခန်းကို လာအိုနိုင်ငံ တောင်ပိုင်းရှိ Sekong နှင့်  Attapeu ပြည်နယ်များတွင် ထားရှိရန် လျာထားသည်။

ယခုလို လေအားဖြင့် ထုတ်လုပ်ခြင်းကြောင့် လေအားစခန်း သက်တမ်းတစ်လျှောက်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၃၅ သန်း လျော့ကျစေမည် ဖြစ်သည်။ 

လာအိုနိုင်ငံက "အာရှ၏ ဘက်ထရီ" အဖြစ် ရပ်တည်ရန် ရည်မှန်းချက်ကို မုတ်သုန်လေ စီမံကိန်းက ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ဒေသတွင်း စီးပွားရေ ကြီးထွားမှုကိုလည်း အထောက်အကူ ပြုမည် ဖြစ်သည်။

လေအားလျှပ်စစ်စခန်းမှ ရရှိလာသည့် ဓာတ်အားကို လာအိုမှ ဗီယက်နမ် ဒါနန်းသို့ ပေးပို့ရောင်းချမည့် အရောင်းအဝယ်စာချုပ်ကို BCPG နှင့်  Impact Wind Investment Co တို့ ထူထောင်ထားသော ဖက်စပ်လုပ်ငန်း Impact Energy Asia Development Co (IEAD) က နိုင်ငံပိုင် လုပ်ငန်းဖြစ်သော Vietnam Electricity နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

IEAD က လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် မုတ်သုန်စီမံကိန်းကို စတင်ရန် အစီအစဉ် ရေးဆွဲထားသည်။ ဓာတ်အား စီးပွားဖြစ် ထုတ်လုပ်ခြင်းကို ၂၀၂၅ တွင် စတင်ရန် လျာထားပါသည်။

Monsoon Wind သည် BCPG ၏ တတိယမြောက် လေအားလျှပ်စစ်စီမံကိန်း ဖြစ်သည်။
ကုမ္ပဏီသည် ဖိလစ်ပိုင်ရှိ ဓာတ်အား ၂၀ မီဂါဝပ် ထုတ်လုပ်နိုင်သော Nabas လေအားလျှပ်စစ်စခန်းကို လုပ်ငန်းလည်ပတ်လုပ်ကိုင်သည့် PetroWind Energy Inc တွင် ရှယ်ယာ ၄၀% ဝယ်ယူခဲ့သည်။

ထိုင်းနိုင်ငံတွင် ဓာတ်အား ၉ မီဂါဝပ် ထုတ်လုပ်သော လေအားလျှပ်စစ်စခန်း Lom Ligor ကို နိုင်ငံပိုင် National Science and Technology Development Agency နှင့်အတူ ဖက်စပ် လုပ်ကိုင်လျက်ရှိသည်။

Infrastructure and Zones Read 683 times