အမြန်လမ်း ၆၄ ကီလိုမီတာ လမ်းပိုင်းတည်ဆောက်ရန် ချေးငွေ ဒေါ်လာ ၄၈၄ သန်းဖြင့် အေဒီဘီ အတည်ပြု


20 December, 2020

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့ကို ဆက်သွယ်မည့် အမြန်လမ်း ၆၄ ကီလိုမီတာ လမ်းပိုင်းတည်ဆောက်ရန် အတွက်

ချေးငွေ အမေရိကန်ဒေါ်လာ ၄၈၄ သန်းကို အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB)က အတည်ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါ အမြန်လမ်းသည် မဟာမဲခေါင် ဒေသခွဲ Greater Mekong Subregion (GMS) ၏ အရှေ့-အနောက် စီးပွားရေးစင်္ကြံ East–West Economic Corridor တွင် ပါဝင်သည်။

 

ဒုတိယမြောက် ဂျီအမ်အက်စ် အမြန်လမ်း ခေတ်မီရေး စီမံကိန်းသည် လေးလမ်းသွား ရာသီဥတုခံ အမြန်လမ်းကို အစိုးရ တည်ဆောက်ရန် ကူညီမည် ဖြစ်သည်။ ဂျီအမ်အက်စ် စီးပွားရေး စင်္ကြံတွင် ကုန်စည်များနှင့် လူများ ဘေးကင်းစွာဖြင့် ထိရောက်မြန်ဆန်စွာ ရွေ့လျားနိုင်ကြမည် ဖြစ်သည်။ မြန်မာ-ထိုင်း ချိတ်ဆက်မှုကို အားကောင်းစေရန် စီမံကိန်းက အထောက်အကူ ဖြစ်စေမည်။ ထို့ပြင် ဂျီအမ်အက်စ် စင်္ကြံတစ်လျှောက်ရှိ အခြားနိုင်ငံများနှင့် ကူးလူးသွားလာ သယ်ယူပို့ဆောင်ရန်အတွက်လည်း အထောက်အကူ ဖြစ်မည်။ ကုန်သွယ််ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူပြုမည်။

မြန်မာအစိုးရသည် ၂၀၀၅ မှ ၂၀၁၈ ခုနှစ်အထိ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံအတွက် ပျမ်းမျှအားဖြင့် ဂျီဒီပီ၏ ၁ % သုံးစွဲခဲ့သည်။ ၂၀၃၀ ခုနှစ်တွင် ၃% သို့ တိုးမြှင့်သုံးစွဲရန် ရည်ရွယ်ထားသည်။

အမြန်လမ်းပိုင်းတွင် ၂.၃ ကီလိုမီတာ တံတာတစ်ခု ပါဝင်ပြီး စစ်တောင်းမြစ်ကို ကျော်ဖြတ်သည့် တံတား ဖြစ်သည်။ Japan International Cooperation Agency က စစ်တောင်းတံတားသစ်ကို ဘဏ္ဍာရေး ထောက်ကူမည် ဖြစ်ရာ ၂၇.၂၈ ဘီလျံယန်း ( အမေရိကန်ဒေါ်လာ ၂၅၄.၈ သန်း) ချေးငွေ စီစဉ်မည် ဖြစ်သည်။

Infrastructure and Zones Local Read 66 times