သစ်တောမြေများ အကွက်ရိုက် ရောင်းချသူများကို စတင်အရေးယူပြီ

10 January, 2021

ပြင်ဦးလွင်မြို့ရှိ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် အကွက်ရိုက်ရောင်းချသူများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ   သိရသည်။

“အရင်ကတည်းက မလုပ်ဖို့အတွက် သတိပေးတာတွေလုပ်ဆောင်တယ်။ အဲဒီလိုလုပ်ပေမယ့်လည်း ဆက်လုပ်နေတာတွေရှိတယ်။ အဲဒါကြောင့် စိစစ်ပြီး ဥပဒေအရ အရေးယူတာတွေ လုပ်တာပါ”ဟု အဆိုပါဌာနမှ ဦးဆန်းမြင့်ထွန်းက ပြောပြသည်။

ပြင်ဦးလွင်မြို့အနီး မြို့ရှောင်လမ်းတစ်ဝိုက်တွင် သစ်တောကြိုးဝိုင်းမြေများကို တရားမဝင်အကွက်ရိုက် ရောင်းချမှုများရှိနေ၍ သစ်တောဦးစီးဌာနက သတ်ပေးဆိုင်းဘုတ်စိုက်ထူထားသည်။

သစ်တောကြိုးဝိုင်း မြေအတွင်း တရားမဝင်အကွက်ရိုက်  ခြံစည်းရိုးကာရံခြင်းများကို လုပ်ဆောင်နေသူများနှင့် အကွက်ရိုက် ရောင်းချသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ဆောင်ရွက်ခြင်းဖြစ်သည်။ 

ပြင်ဦးလွင်မြို့တွင် မြေဝယ်သူ များအနေဖြင့် တရားဝင်မြေကွက် ဟုတ်၊ မဟုတ် စုံစမ်းပြီးမှသာ ဝယ်ယူကြရန်လည်း သစ်တောဦးစီးဌာန တာဝန်ရှိသူက သတိပေးပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ ယနေ့ထိ ပြင်ဦးလွင်မြို့ရှိ သစ်တောမြေအတွင်းတွင် ကျူးကျော် နေထိုင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ အကွက်ရိုက်ရောင်းချခြင်းကြောင့်အမှုပေါင်း ၁၉ဝ ကျော်ရှိခဲ့ပြီး လူဦးရေ  ၁၄၁ ဦးကို အမှုဖွင့်အရေးယူထားကြောင်း  သိရသည်။

MDN

Local Read 287 times