သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် ရွှေစက်တော်အနီး၌ ဟိုတယ်ဇုန်တစ်ခု အကောင်အထည်ဖော်ရန် စီစဉ်နေ


01 January, 2020

မင်းဘူးခရိုင် ရွှေစက်တော်သာသနာ့နယ်မြေအနီး၌ သဘာဝ အခြေခံခရီးသွားလုပ်ငန်းအဖြစ် ဧက ၆၀ အကျယ် ဟိုတယ် ဇုန်တစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

ရွှေစက်တော် သုံးမိုင်လမ်းခွဲ လှေတင်တံတားအကျော် ညာဘက်ဘေးရှိမြေဧက ၆၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့က လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးထားသည်။

 

“ကွန်တိုမြေပုံဆွဲဖို့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင် ရွက်နေပါတယ်။ မြေပုံဆွဲပြီးမှ ဟိုတယ်ဇုန်မှာ လမ်းကြောင်း တွေဖော်မယ်။ အကွက်တွေရိုက်မယ်။ ဘယ်နေရာက သစ်တော၊ ဘယ်နေရာက ရေကန်၊ ဟိုတယ်တစ်လုံးကို ဘယ်နှဧကပေးမယ်ဆိုတာ စုပေါင်းညှိနှိုင်း အစီအစဉ်ဆွဲပြီးတော့ တင်ပြသွားပါမယ်။

 

တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်ချက်ကိုယူပြီးတော့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္မဏီတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးမှာ ဖြစ်ပါ တယ်” ဟု တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

 

သဘာဝအခြေခံခရီးသွားလုပ်ငန်းအား ဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူ ဒေသကိုအခြေပြု၍ တောတောင် သဘာဝများ၊ ဆင်စခန်း၊ ရွှေစက်တော်ဘေးမဲ့တောရှိ ရွှေသမင်နှင့် ကြယ်လိပ်၊ ငှက်ကြည့်စင်များ၊ အဆင့်မီ ဟိုတယ်၊ မိုတယ်များ၊ လက်ရာမြောက် ဝါးအိမ်လေးများဖြင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် ၃၈၁၉ ပေတွင် တည်ရှိသည့် အပူပိုင်းဒေသ၏ အိုအေစစ်နတ်ရေကန် တောင်ဒေသ၏ သဘာဝအလှများ၊ ကော်ဖီခြံနှင့် အော်ဂဲနစ် စိုက်ခင်းများ၊ အရှိုချင်းတိုင်းရင်းသားတို့၏ ဓလေ့များ၊ ဒေသ ထွက်ကုန်နှင့် အစားအစာများက ပြည်ပဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Factory and Industrial Plant Read 30 times