Wheel Chair အသုံးပြုရသည့် မသန်စွမ်းသူများအတွက် ဆောက်လုပ်မည့်ဆေးရုံ


12 December, 2019

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အဆောက်အအုံများ၏ ဒီဇိုင်းပုံစံများရေးဆွဲဆောင်ရွက်ရာတွင် Wheel Chair အသုံးပြုရသည့် မသန်စွမ်းသူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ထည့်သွင်းရေးဆွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသတင်းများအရ သိရသည်။

ယခုအခါ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာဌာနများတည်ဆောက်ရာတွင် မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစွာ သွားလာဆောင်ရွက်နိုင်ရေးအတွက် ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဆေးရုံအဆောက်အအုံဆောက်လုပ်မှု လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများတွင် မသန်စွမ်းသူလူနာများအတွက် Trolley Way လျှောက်လမ်းများ၊ အိမ်သာများကိုပါ ထည့်သွင်းတည်ဆောက်ပေး လျက်ရှိသည်။

မသန်စွမ်းသူလူနာများအတွက် ဆင်ခြေလျောများ(Ramp)၊ လက်ကိုင်တန်းများ (Handrail)စသည့်အထောက်အကူပြုပုံစံများအား လာမည့် ၂၀၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့်ဆေးရုံအဆောက်အအုံများတွင် ပိုမိုတိုးမြှင့်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ဂျပန် နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ကာ ဖွင့်လှစ်ပို့ချပေးနေသည့် မြန်မာအောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းနှင့် ကိုရီးယားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ကာ ဖွင့်လှစ်ပို့ချပေးမည့် နည်းပညာ၊ သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကျောင်း TTTI(ဗဟန်း) တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျောင်းများ၏ တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစွာ သွားလာအသုံးပြုနိုင်မည့် လျှောက်လမ်းများကို ထည့်သွင်းဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အတူ ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူများ အဆင်ပြေသွားလာနိုင်ရေး ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အများပြည်သူနှင့်
သက်ဆိုင်သည့်အဆောက်အအုံများ၏ ဒီဇိုင်းပုံစံများရေးဆွဲဆောင်ရွက်ရာတွင် Wheel Chair အသုံးပြုရသည့် မသန်စွမ်းသူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက်ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့်လည်း နေပြည်တော်ကောင်စီနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ Design များအပ်နှံရာတွင် မသန်စွမ်းသူများအတွက် Ramp များ ထည့်သွင်းရေးဆွဲပေးရန်တင်ပြလာလျှင် ထည့်သွင်းရေးဆွဲပေးလျက်ရှိသည်။ 

ထို့ကြောင့် တင်ဒါခေါ်ယူစဉ် ဆောက်လုပ်ရေးပုံစံများတွင် မသန်စွမ်းသူများအတွက် လျှောက်လမ်းများ တစ်ပါတည်းထည့်သွင်းဆောင်ရွက်နိုင်သကဲ့သို့ တင်ဒါခေါ်ယူစဉ် မပါဝင်ခဲ့ပါက လုပ်ငန်းအပ်နှံမှုမပြုလုပ်မီ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ထည့်သွင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။

Hospitality Read 103 times