ဒေါ်လာ ၃ ဘီလျံတန် မြေကွက်ပေါ်မှာ ဆောက်လုပ်မယ့် မှန်နံရံ ထပ်မြင့်အဆောက်အဦး


01 January, 2020

မှန်နံရံများဖြင့် အတိပြီးတဲ့ မိုးထိတိုက်တာတစ်ခုကို ၂၀၁၇ ခုနှစ်တုန်းက မြေကွက်အရောင်းအဝယ်တစ်ခုမှာ

အမေရိကန်ဒေါ်လာ ၃ ဘီလျံ (ဟောင်ကောင်ဒေါ်လာ ၂၃ ဒသမ ၂၈ ဘီလျံဖြင့် ဈေးတည့်ပြီး ဝယ်ခဲ့တဲ့ မြေကွက်ပေါ်မှာ ဆောက်လုပ်မယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ‌မြေကွက်ပေါ်မှာ ၆၂၃ ပေ မြင့်မားတဲ့ မိုးထိတိုက်တာကို တည်ဆောက်မှာ ဖြစ်ပြီး စစချင်း မြင်သူတိုင်း ငေးကြည့်မိစေမယ့် ဗိသုကာဒီဇိုင်းကို Zaha Hadid Architects က ထုတ်ဖော်ပြသခဲ့ပါတယ်။ Zaha Hadid Architects ကို ကွယ်လွန်သူ ဗြိတိသျှ-အီရတ် ဗိသုကာပညာရှင် Zaha Hadid က သူ့အမည်ဖြင့် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဆောက်အဦအပြင်ပုံပန်းက စွယ်တော်ပန်းပွင့်ပုံကို ရယူထားတယ်။ စွယ်တော်ပန်းပွင့်က ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဗြိတိသျှထိန်းချုပ်မှုအောက်မှ တရုတ်အစိုးရလက်သို့ ပြန်လည်လွှဲပြောင်းပေးပြီးတဲ့နောက်မှာ ဟောင်ကောင်အလံမှာ ဖော်ပြတဲ့ ပန်း ဖြစ်ပါတယ်။

မြေညီထပ်မှာတော့ မြို့ပြအိုအေစစ် တစ်ခုကို ထားရှိပေးထားမယ်လို့ ဆိုပါတယ်။ ပန်းဉယျာဉ်တွေနဲ့အတွင်းပိုင်းမှာ လှပတင့်တယ်နေမယ်။

အကျယ် စတုရန်းပေ ၃၁ ၀၀၀ ရှိတဲ့ မြေကွက်ကို လွန်ခဲ့တဲ့ သုံးနှစ်က ဟောင်ကောင်မှ တိုက်တာဖွံ့ဖြိုးရေးလုပ်ငန်း property developer တစ်ခု ဖြစ်တဲ့ Henderson Land မှ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ မြေကွက်ပေါ်မှာ ယာဉ်နားရပ် အဆောက်အဦတစ်ခု ရှိခဲ့ပါတယ်။

ကမ္ဘာ့အိမ်ခြံမြေလုပ်ငန်း Jones Lang LaSalle (JLL) ရဲ့အဆိုအရ အဲဒီအချိန်ကာလမှာ ကမ္ဘာပေါ်မှာ ဈေးအများဆုံး မြေကွက်ပဲလို့ သိကြရပါတယ်။

အဲဒီမြေဈေးကွက် ဈေးနှုန်းက ဟောင်ကောင်မှာ ဈေးများပါတယ်ဆိုတဲ့ မြေကွက် နှစ်ခုထက် ပိုများခဲ့ပါတယ်။ ဟောင်ကောင် မြေစာရင်းဌာနမှ အချက်အလက်များအရ ဟောင်ကောင်လေဆိပ်ဟောင်းအနီးရှိ မြေကွက်ကို ၂၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၅ ဒေါ်လာ ဘီလျံဖြင့် အရောင်းအဝယ်တည့်ခဲ့ဖူးပါတယ်။ တရုတ်ပြည်မကို သွားတဲ့ ရထားလမ်းရဲ့ ဘူတာရုံနားမှ မြေကွက်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၅ ဘီလျံဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတာ မနှစ်တုန်းက ဖြစ်ပါတယ်။ ဟောကောင်ရဲ့ မြေဈေးတက်နှုန်းတွေက ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။ စွယ်တော်ပန်းပွင့် တိုက်တာ ဆောက်မယ့် မြေနေရာကို အခုနေ ဝယ်ယူရင် ဘယ်လိုမှ အမေရိကန် ဒေါ်လာ ၃ ဘီလျံဖြင့် မရနိုင်တော့တာ သေချာပါတယ်။

ပန်းစွယ်တော် အထပ်မြင့် အဆောက်အဦဟာ ဟောင်ကောင်မြို့လယ်ပိုင်းကို အထက်စီးမှ မြင်နေရမှာ ဖြစ်ပြီး အပေါ်မှာ အပင်တွေ စိုက်ပျိုးထားမယ့် ဥယျာဉ်တစ်ခု ပါတယ်။ လေထုညစ်ညမ်းမှုတွေကို အပင်တွေက သဘာဝအလျောက် ဖြေဖျောက်ပေးစေဖို့ အခုလို ဥယျာဉ်တစ်ခု ထည့်ထားတာလို့ ဆိုပါတယ်။ အဆောက်အဉီအတွင်းမှာတော့ ခေတ်ပေါ်နည်းပညာတွေကို ထည့်သွင်း သုံးစွဲထားမှာ ဖြစ်ပြီး ဉာဏ်ရည်တုပါတဲ့ ဓာတ်လှေကားတွေ၊ လူကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခု ဥပမာ မျက်နှာကို ကြည့်ပြီး လုံခြုံရေး ဆောင်ရွက်ပေးတဲ့စနစ် စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးဝန်ထမ်း အစား စနစ်က တာဝန်ယူစိစစိပြီး တံခါးဖွင့်တာ ပိတ်ထားတာ တွေ လုပ်ကိုင်ပေး သွားမှာ ဖြစ်ပါ တယ်။

Zaha Hadid Architects ကို ထူထောင်ခဲ့သူ Zaha Hadid ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားပြီးတဲ့အခါ အကြီးအကဲနေရာကို Patrik Schumacher က ဆက်ခံခဲ့ပြီး ဗိသုကာလုပ်ငန်းကို ဦးဆောင်မှု ပေးနေပါတယ်။

Henderson Land က ပန်းစွယ်တော် မှန်နံရံတာဝါကို ၂၀၂၃ ခုနှစ်မှာ အပြီးတည်ဆောက်ပြီး ရုံးခန်းတွေ ငှားရမ်းဖို့ အစီအစဉ် ထားရှိကြောင်း သိရပါတယ်။

Local Residential Read 140 times