အရောင်းဝန်ထမ်းဘဝမှ အိမ်ခြံမြေ သန်းကြွယ်သူဋ္ဌေးကြီးဖြစ်လာသူ၏ လျှို့ဝှက်ချက် ၇ ခု


03 December, 2020

ကိုယ့်ဒူးကိုယ်ချွန် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးလည်းဖြစ်သည့် ဂရန့်ထ် ကာဒွန်းကိုအမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်တွင် ၁၉၅၈ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် မွေးဖွားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်တွင် အကြွေးနွံနစ်နေပြီး သူမုန်းတီးလှသောအရောင်းသမားအလုပ်ကိုလုပ်နေရ၏။ ယခုမူကားကုမ္ပဏီ ၄ ခုကိုပိုင်ဆိုင်ထားပြီး အဆိုပါကုမ္ပဏီများ၏ နှစ်စဉ်ရောင်းအားမှာကန်ဒေါ်လာသန်း ၁၀၀ နီးပါးရှိနေပြီဖြစ်သည်။

သူသည်စာရေးဆရာအဖြစ်လည်းအောင်မြင်ခဲ့ပြီးနယူးယောက်တိုင်းမ်သတင်းစာကြီး၏ အရောင်းရဆုံးစာရေးဆရာစာရင်းတွင် ပါဝင်ခဲ့သည်။ အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးဂရန့်ထ်ကာဒွန်းသည် စာအုပ် ၅ အုပ်ရေးသားခဲ့ရာတွင်


(၁) Sell to Survive
(၂) The Closers Survival Guide
(၃) If You're Not First, You're Last
(၄) The 10X Rule
(၅) Sell or Be Sold ဟူသောစာအုပ်များ ဖြစ်သည်။

သန်းကြွယ်သူဌေးတို့၏ လျှို့ဝှက်ချက် ၇ ပါး

သန်းကြွယ်သူဌေးဖြစ်လိုကြသည်ဆိုရာတွင် လူတိုင်းသည် ငွေတစ်သန်းမျှသာ ချမ်းသာလိုကြသည်မဟုတ်။ စင်စစ်ကား သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာသူများ ဖြစ်လိုကြ၏။


ကန်ဒေါ်လာ တစ်သန်းခန့်ငွေပမာဏဖြင့် သင့်အတွက် ဘဏ္ဍာရေးကဏ္ဍ စိတ်ချရပြီဟု တွေးထင်နိုင်သည်။

မျက်မှောက်ခေတ် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး၊ အစိုးရအဖွဲ့များ၊ ဘဏ္ဍာရေးဈေးကွက် အစရှိသည်တို့၏ မရေရာသည့် အခြေအနေ များကြောင့် ကန်ဒေါ်လာ တစ်သန်းခန့်သည် သင်နှင့် သင့်မိသားစုအတွက် ဘဏ္ဍာရေးဆိုင်ရာ

စိတ်ချလုံခြုံရသည့် အနေအထား မရှိတော့ချေ။

ကန်ဒေါ်လာ တစ်သန်းဝန်းကျင် ချမ်းသာသူများကို ယခင်နှစ်အတွင်း လေ့လာခဲ့မှုတစ်ရပ်အရ ၄၂ ရာခိုင်နှုန်းမှာ ချမ်းသာကြွယ်ဝသည်ဟု မခံစားရကြောင်း ပြောကြားကြသည်ဟု ဆိုသည်။


သို့ဖြစ်ရာ သန်းပေါင်းများစွာ ကြွယ်ဝသူဖြစ်လိုသူတိုင်း ၎င်းတို့၏ အောက်ဖော်ပြပါ ထိပ်တန်းလျှို့ဝှက်ချက် ၇ ရပ်ကို လေ့လာထားသင့်လေသည်။

(၁) သန်းပေါင်းများစွာ ချမ်းသာသူဖြစ်ရမည်ဟု အခိုင်အမာဆုံးဖြတ်ချက် ချပါ။

ဦးစွာအားဖြင့် သင်သည် ကိုယ့်ဒူးကိုယ်ချွန်သန်းကြွယ်သူဌေးတစ်ဦးဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။


ကျွနု်ပ်သည် မူလက ခြူးတစ်ပြားမျှ မရှိသူဘဝမှ စိတ်ကူးစိတ်သန်းနှင့် အလုပ်အပြင်းအထန်ကြိုးစားမှုတို့ကြောင့် ချမ်းသာကြွယ်ဝလာကြခြင်း ဖြစ်ကြသည်။


ပထမအဆင့်အနေဖြင့် သင်သည် ခိုင်မာသည့် ဆုံးဖြတ်ချက် ချပြီးနောက် ပန်းတိုင်တစ်ခု ချမှတ်ရမည် ဖြစ်သည်။

ကျွန်ုပ် မချမ်းသာမီကာလက အောက်ဖော်ပြပါစာကြောင်းကို နေ့စဉ်နေ့တိုင်း မှတ်စုစာအုပ်တွင် ရေးသားခဲ့ဖူး၏။ “ငါဟာ သန်း ၁ဝဝ ကျော် ချမ်းသာမယ့်သူ ဖြစ်တယ်”

(၂) ဆင်းရဲသားတွေရဲ့ အတွေးမျိုး စွန့်လွှတ်ပါ

ဤကမ္ဘာကြီးတွင် ငွေရှားပါးသည်ဟူ၍ မရှိ။ ယင်းအချက်ကို အမှန်သိသူသာ ရှားပါးနေခြင်း ဖြစ်သည်။


သင့်အနေဖြင့် သုညဘဝမှ သန်းကြွယ်သူဌေးဖြစ်လိုသည်ဆိုပါက ဆင်းရဲသားတို့၏ တွေးခေါ်ပုံမျိုးကို ကျောခိုင်းစွန့်လွှတ်ရန် လိုအပ်လေသည်။


ကျွနု်ပ်သည် အဖမဲ့သားတစ်ဦးအဖြစ် မိခင်၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းခဲ့ရ၏။


ကျွနု်ပ်တို့ ညီအစ်ကို ၃ ဦးကို ကျောင်းထားနိုင်ရန်နှင့် စားဝတ်နေရေးဆိုင်ရာ အခြေခံလိုအပ်ချက်များအတွက် မိခင်ကြီးက အလုပ်ပေါင်းစုံလုပ်ခဲ့ရသည်။


မိခင်ကြီးက ကျွန်ုပ်အပေါ် သွန်သင်ခဲ့မှု အများစုမှာ ရှားပါးမှုနှင့် ရတက်မအေးဖြစ်မှုတို့အပေါ်တွင် အခြေခံ၏။


“စားစရာတွေကို ကုန်အောင်စား၊ စားစရာမရှိလို့ ငတ်နေတဲ့သူတွေ အများကြီးပဲ၊ ဘာကိုမှ မဖြုန်းတီးနဲ့” ဟု မိခင်ကြီး ဆုံးမလေ့ရှိ၏။


စင်စစ်ကား ချမ်းသာကြွယ်ဝမှုကို ယင်းသို့သော အတွေးအခေါ်မျိုးက ဆောင်ကြဉ်းပေးနိုင်စွမ်းမရှိချေ။

(၃) တာဝန်တစ်ရပ်လို သဘောထားပါ

ကိုယ့်ဒူးကိုယ်ချွန် သန်းကြွယ်သူဌေးတို့သည် ငွေတစ်ခုတည်းဖြင့် motivate ယူကြသည် မဟုတ်။


ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရေးကိုသာ ပိုမိုအလေးထားကြသည်။


ကျွန်တော့်အနေဖြင့် ဥစ္စာဓနကို အစဉ်လိုလားသည်ဆိုရာတွင် အဓိကအားဖြင့် အများအတွက် အထောက်အကူပေးနိုင်ရေးကို ရည်ရွယ်၍သာ တွန်းအားယူပါသည်။


သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူတို့သည် ရည်မှန်းချက်များကို မည်သည့်အခါမျှ နိမ့်ပါးစွာ မထားရှိကြ။


၎င်းတို့၏ မိသားစု၊ ကုမ္ပဏီ၊ လူ့အသိုက်အဝန်းနှင့် ပရဟိတအဖွဲ့များအတွက် အထောက်အကူများ ဆထက်တံပိုး ပေးစွမ်းနိုင်ရန်အတွက် မိမိကိုယ်မိမိ မြင့်မားသည့် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များ ထားလေ့ရှိကြသည်။

(၄) မိမိကိုယ်မိမိ သန်းကြွယ်သူဌေးတို့ဖြင့် ဝန်းပတ်နေပါစေ

ကျွနု်ပ်သည် ချမ်းသာကြွယ်ဝသူများကို အသက် ၁၀ နှစ်သားအရွယ်ကပင် စတင်လေ့လာခဲ့၏။


၎င်းတို့၏ ဘဝဇာတ်ကြောင်းများကို ဖတ်ရှုလေ့လာ၏။ ၎င်းတို့ မည်သို့မည်ပုံ ဘဝဖြတ်သန်းကြပုံကို လေ့လာ၏။


၎င်းတို့အားလုံးသည် ကျွနု်ပ်၏ ဆရာသမားများ၊ အကြံကောင်းပေးသူများ ၊ ကျွနု်ပ်လေးစားကြည်ညိုသူများ ဖြစ်ကြလေသည်။


ငွေမည်သို့ရှာရမည်ဟူသည့်နည်းလမ်းကို ငွေမရှိသူတို့ထံမှ လေ့လာရန် မဖြစ်နိုင်ပါ။


“ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ရလား” ဟူသည့်စကားကို မည်သူတို့ ပြောကြပါသနည်း။ ငွေမရှိသူတို့ ပြောကြပါသည်။


“ချမ်းသာတဲ့သူတွေက လောဘကြီးတယ်” ဟူသည့် စကားကို မည်သူများ ပြောပါသနည်း။ မချမ်းသာသူတို့ ပြောပါသည်။


ချမ်းသာကြွယ်ဝသူတို့သည် ထိုသို့ ပြောလေ့မရှိကြချေ။


သင့်အနေဖြင့် မည်သို့သောသူက ချမ်းသာကြွယ်ဝအောင် လုပ်ဆောင်နိုင်သည်ကို သိရန်လိုပြီး ထိုသူတို့၏ လုပ်ဆောင်ပုံများအား အတုယူရန် လိုလေသည်။


၎င်းတို့ မည်သည့်စာအုပ်မျိုး ဖတ်ကြသနည်း၊ မည်သို့ ရင်းနှီးမြှုပ်နှံကြသနည်း၊ မည်သည့်အရာများက ၎င်းတို့ကို မောင်းနှင်ပေးနေသနည်း၊ မိမိကိုယ်မိမိမည်သို့မည်ပုံ လှုံ့ဆော်မှုပေးနေကြသနည်း အစရှိသည်တို့ကို လေ့လာရမည် ဖြစ်သည်။

(၅) သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့ အလုပ်လုပ်ပါ

အချိန်နှင့် ပတ်သက်၍ ပြုမူကြပုံမှာ ချမ်းသာကြွယ်ဝသူများနှင့် ဆင်းရဲသူတို့အကြား ကွာခြားမှုရှိကြသည်။


ချမ်းသာကြွယ်ဝသူတို့က အချိန်ကို ဝယ်ယူကြပြီး ဆင်းရဲသူတို့က ရောင်းချကြသည်။


အချိန်သည် ငွေထက်တန်ဖိုးရှိကြောင်း ချမ်းသာကြွယ်ဝသူတို့က ကောင်းစွာသိမြင်ကြသည်။


ထို့ကြောင့် မိမိမကျွမ်းကျင်သည့် (သို့မဟုတ်) ကောင်းစွာတတ်ကျွမ်းသော်လည်း အချိန်မပေးနိုင်သည့် လုပ်ငန်းကဏ္ဍများအတွက် အခြားသူများကို ငှားရမ်းကြသည်။

(၆) သုံးစွဲမှုဆီမှ ရင်းနှီးမြှုပ်နှံမှုဆီသို့ ဦးတည်ချက်ပြောင်းပါ

ချမ်းသာကြွယ်ဝသူတို့သည် ငွေကို မသုံးကြ၊ ရင်းနှီးမြှုပ်နှံကြ၏။


အမေရိကန်ပြည်ထောင်စုတွင်ဆိုလျှင် အကောက်ခွန်ဥပဒေက သုံးစွဲခြင်းထက် ရင်းနှီးမြှုပ်နှံခြင်းကို ပိုမိုမျက်နှာသာပေးထား၏။

(၇) ဝင်ငွေရလမ်း များစွာဖန်တီးပါ

အမှန်တကယ်ချမ်းသာကြွယ်ဝသူတို့သည် ဝင်ငွေရလမ်းတစ်ခုတည်းအပေါ် မည်သည့်အခါမျှ မှီခိုနေလေ့မရှိ၊ လမ်းကြောင်းများစွာ ဖန်တီးထားလေ့ရှိကြသည်။


ကျွနု်ပ်သည် အိမ်ခြံမြေလုပ်ငန်းကို ပထမဆုံးစတင်လုပ်ကိုင်ခဲ့ပြီး တစ်နှစ်လျှင် ဝင်ငွေ ဂဏန်း ၇ လုံးခန့်ရှိလာကာ အတိုင်ပင်ခံလုပ်ငန်းမှာလည်း များစွာလည်ပတ်လာချိန်တွင် ဆော့ဖ်ဝဲထုတ်လုပ်သည့် လုပ်ငန်းနယ်သို့ ထပ်မံဝင်ရောက်ခဲ့၏။


နောက်ဆုံး နိဂုံးချုပ်အနေဖြင့် ပြောလိုသည့်အချက်ကို သင်သိလျှင် များစွာအံ့အားသင့်ပေမည်။


ယင်းကား ချမ်းသာကြွယ်ဝသူတို့သည် သင့်ကိုလည်း ချမ်းသာသူတစ်ဦး ဖြစ်လာစေလိုကြသည့် ဆန္ဒရှိကြသည်ဟူသည့်အချက်ပင်။


အခြားသူများ အဘယ်ကြောင့် မချမ်းသာကြသနည်းဟူသည့်အချက်မှာ ချမ်းသာသူတို့အတွက် အံ့သြဖွယ်တစ်ခု ဖြစ်နေသည်။


ဥစ္စာဓနဟူသည်မှာ ဇွဲကောင်းကာ အာရုံစူးစိုက်မှုရှိသူတိုင်း ရရှိနိုင်သည့်အရာဖြစ်ပြီး မိမိတို့မှာ အခြားသူများထက် မည်သို့မျှ ထူးခြားနေသူမဟုတ်ဟူသည်ကို ချမ်းသာကြွယ်ဝသူတို့ လက်ခံထားကြသည်။


ချမ်းသာကြွယ်ဝသူတို့က အခြားသူများကိုလည်း ချမ်းသာစေလိုသည်ဟူရာတွင် အကြောင်း ၂ ချက်ရှိ၏။


ပထမအချက်မှာ သင့်အနေဖြင့် ချမ်းသာကြွယ်ဝကာ ဝင်ငွေကောင်းလာလျှင် ၎င်းတို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဝယ်ယူအားပေးမည့်သူ ဖြစ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။


ဒုတိယအချက်မှာ အားလပ်ချိန်များတွင် ချမ်းသာကြွယ်ဝသူတို့သည် အခြားလူချမ်းသာတို့နှင့် အချိန်ဖြုန်းလိုခြင်းကြောင့် ဖြစ်သည်။

Global Tips Read 47 times