ပဲခူးမြစ်ကူးတံတား ( သန်လျင်တံတားအမှတ်-၃ ) ကို ၂၀၁၉ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် စတင် တည်ဆောက်ခဲ့ပြီး လေးနှစ်တာကာလအတွင်း လုပ်ငန်းပြီးစီးမှု (၉၄) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်ကာ လာမည့် ၂၀၂၄ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးရန် လျာထားကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်တွင် စတင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတံတား၏ စုစုပေါင်းအရှည်မှာ (၈,၆၃၈) ပေ ရှိကာ (၄) လမ်းသွားတံတား ဖြစ်ပြီး သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်၍ တံတားခံနိုင်ဝန်သည် ယာဉ်တစ်စီးချင်း (၇၅) တန် ဖြစ်ကြောင်း သိရသည်။
Ads
Click Here > Big M Enterprise Ltd.
တံတားပြီးစီးပါက သန်လျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဥ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုး တိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ် သွားလာနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုနိုင်ကြောင်း ဆိုသည်။
အလားတူ သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာနိုင်ပြီး ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာနိုင်သည်။
တံတားတည်ဆောက်ရေး စီမံကိန်းအတွက် JICA က သက်သာသော အတိုးနှုန်း ODA ချေးငွေ ဂျပန်ယန်း (၃၁) ဘီလီယံဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး ပြန်ဆပ်ကာလကို နှစ် (၄ဝ) သတ်မှတ်ထားသည်ဟု သိရသည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား ( သန်လျင်တံတားအမှတ်-၃ ) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ (၁၇) ရက်က ကျင်းပ ပြုလုပ်ခဲ့သည်။