ရုပ်လုံးပေါ်မလာတော့သော ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း

13 February, 2023

 

ရန်ကုန်မြို့လယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် တည်ရှိသည့် ရန်ကုန်ဘူတာကြီးကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းများ စတင် လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း ယခုအခါ ၎င်းနှင့် ပတ်သတ်၍ တိုးတက်မှု တစ်စုံတစ်ရာမှ မြင်တွေ့ရခြင်း မရှိပေ။ 

 

ရန်ကုန်ဘူတာကြီးကို ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့နေလူထု၏ သွားလာရေးအတွက် အထောက်အကူပြုခဲ့သည်မှာ (၆၄) နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ပြန်လည် အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် JICA (Japan International Cooperation Agency) မှ လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့မီးရထားနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ယင်း ဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အဓိက တာဝန်ခံအဖြစ် ဦးဆောင် ဆောင်ရွက်ခဲ့ကာ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကုန်ကျစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၁၅) ဘီလီယံခန့် လျာထားခဲ့ကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းကို စင်ကာပူ Oxley ကုမ္ပဏီ၊ တရုတ် Sino Great Wall ကုမ္ပဏီနှင့် ပြည်တွင်းမှ မင်းဓမ္မကုမ္ပဏီ လုပ်ငန်းစုတို့ကို တင်ဒါ အောင်မြင်နိုင်ခြေရှိသော လုပ်ငန်းစုအဖြစ် မြန်မာ့မီးရထားက ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီ နှုတ်ထွက်သွားမှုကြောင့် ဂျပန် Sumitomo ကော်ပိုရေးရှင်းက အစားဝင်ရောက်ထားသည်ဟု မြန်မာ့မီးရထားလုပ်ငန်းက ထုတ်ပြန်ထားခဲ့သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

မည်သို့ပင် ဆိုစေကာမူ ယင်းဖွံ့ဖြိုးရေး စီမံကိန်းကို ယခင်က ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ပြီး လာမည့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားကြသော်လည်း ယခု ၂၀၂၃ ခုနှစ်အထိ လုပ်ငန်းလုပ်ဆောင်မှုများကို မတွေ့ရသဖြင့် ရပ်တန့်ထားသည်ဟု ခန့်မှန်းရသည်။

 

ထို စီမံကိန်းနေရာသည် ဗိုလ်ချုပ်လမ်း၊ ဗိုလ်မင်းရောင်လမ်း၊ ဆူးလေဘုရားလမ်းနှင့် သိမ်ဖြူလမ်းကြားတွင် ရှိသည်။ စီမံကိန်းတွင် အထပ် (၂၀) မြင့်သည့် အဆောက်အအုံများ ပါဝင်ပြီး ရန်ကုန်ဘူတာကြီးကို ခေတ်မီသယ်ယူပို့ဆောင်ရေး နေရာကြီးတစ်ခု ဖြစ်လာရန် ရည်ရွယ်ခြင်း ဖြစ်သည်။ 

 

ယခင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့လယ်ရှိ ၂၅.၇ ဟက်တာ ကျယ်ဝန်းသော နေရာတွင် ရန်ကုန်ဘူတာကြီးကို အိမ်ရာနှင့် စီးပွားရေးစင်တာများ ပါ၀င်သော ဗဟိုသယ်ယူပို့ဆောင်ရေး အချက်အချာကျရာ နေရာအသစ်တစ်ခုအဖြစ် ပြောင်းလဲ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

 

ဖွံ့ဖြိုးရေး စီမံကိန်းတွင် စီးပွားရေး အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် အိမ်ရာတိုက်ခန်းများအပြင် စိမ်းလန်းသော ဥယျာဉ်နှင့် ရထားလမ်းပြတိုက်တို့ ပါ၀င်မည် ဖြစ်ကာ စုစုပေါင်း ဖွံ့ဖြိုးတိုးတက်မှုဇုန် (၆) ခု ပါဝင်သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

ရန်ကုန်ဘူတာကြီးကို ထိုခတ်ကအတိုင်း ရှေးပုံစံမပျက်အောင် ပြန်လည် တည်ဆောက်မည် ဖြစ်ကာ ရထားလမ်းပေါ်တွင် တည်ဆောက်ထားသော ဘူတာရုံအသစ်နှင့် ချိတ်ဆက်ခြင်းအားဖြင့် ရိုးရာအမွေအနှစ်နှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကို ရောနှော ပေါင်းစပ်သွားစေမည် ဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ဖွံ့ဖြိုးရေး စီမံကိန်း ရန်ကုန်ဘူတာကြီး ရထားလမ်းနှင့် အခြားအနီးအနားရှိ အထင်ကရ အဆောက်အအုံများ၏ အမွေအနှစ်တန်ဖိုးကို ထိန်းသိမ်းထားနိုင်ရုံသာမကပဲ စီမံကိန်းသည် လုံခြုံစိတ်ချရသော၊ အဆင်ပြေသော သယ်ယူပို့ဆောင်ရေးအဖြစ်ပါ ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်သည်။

 

စီးပွားရေး အချက်အချာကျရာ ရန်ကုန်မြို့တွင် လူနေထူထပ်မှု တစ်စတစ်စ များပြားလာသဖြင့် မီးရထားလမ်းများ အဆင့်မြှင့်တင်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်နှင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို လျှော့ချရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

 

၎င်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး အကူးအပြောင်းကာလကို ဦးတည်သည့် ဖွံ့ဖြိုးမှုတစ်ခု ဖြစ်လာနိုင်ပြီး အထူးသဖြင့် ရထားလမ်းတစ်လျောက်တွင် လူနေအိမ်များသာမကပဲ စီးပွားရေးနှင့် အပန်းဖြေနေရာများကို သယ်ဆောင်လာလိမ့်မည်ဟု စီမံကိန်း စတင်ချိန်က မျှော်လင့်ထားခဲ့ကြသော်လည်း ယခုအခါ စီမံကိန်း ရှိသေးသည်လော ဟူ၍ပင် မေးခွန်းထုတ်ရပေတော့မည်။

Read 1098 times