ဒေါ်လာ (၁.၅) ဘီလီယံ အကုန်ကျခံ တည်ဆောက်နေသည့် ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း

26 January, 2023

လက်ရှိတွင် ၆၇၁ မဂ္ဂါဝပ်ရှိသည့် ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းကို အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ ( သန်းပေါင်း ၁,၅၀၀ ခန့် ) အကုန်အကျခံ၍ ရွှေလီမြစ်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

စီမံကိန်းကို အစောပိုင်းတွင် ၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်အထိ (၁၃) နှစ်အတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းခဲ့သော်လည်း လက်ရှိ အခြေအနေအရ (၁၅) နှစ်ကျော်ခန့် အချိန်ယူရမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို လာမည့် ၂၀၂၅- ၂၀၂၆ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ပြီး စီမံကိန်း ပြီးဆုံးပါက နိုင်ငံတော်ဓာတ်အားလိုင်းသို့ နှစ်စဉ် လျှပ်စစ်စွမ်းအင် ကီလိုဝပ် သန်း ၃,၀၀၀ ထုတ်လုပ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ထောင်စု (၈.၅) သန်းခန့်ကို လျှပ်စစ်ဓာတ်အား ပေးဝေနိုင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် ပြင်သစ်အစိုးရပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Electricite De France (EDF) တို့က Public Private Partnership (PPP) စနစ်ဖြင့် အတူတကွ လုပ်ဆောင်ခြင်း ဖြစ်သည်။

သို့ရာတွင် နိုင်ငံတွင်း အာဏာသိမ်းမှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြင်သစ်ကုမ္ပဏီ  Electricite De France က လုပ်ငန်းစဉ်များကို ပိတ်သိမ်း ရပ်ဆိုင်းကြောင်း သတင်းစာများတွင် ဖော်ပြထားခဲ့သည်ကို တွေ့ရှိရသည်။

                                                          Advertisement

                                        Click Here > Astir Power Co., Ltd.

ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သည့် ဂရိတ်ဟော်ခမ်းကုမ္ပဏီကလည်း ရေအားလျှပ်စစ် စီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သော သံကူကွန်ကရစ် ရေပိုရေလွှဲထုတ်ပြွန် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါ အောင်မြင်သဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင်လည်း ပဋိပက္ခဒေသအတွင်း ရွှေလီမြစ် ရေအားလျှပ်စစ် အမှတ် (၃) စီမံကိန်းတည်ဆောက်ခြင်းသည် ပြည်သူများ၏ ဘဝကို မလုံခြုံစေသဖြင့် စီမံကိန်း ရပ်နားရန် ဆန္ဒပြုမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

သို့သော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝက်ဆိုက်ဒ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လအထိ ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်းကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။ 

ယင်းစီမံကိန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့၏ မြောက်ဘက် (၁၂) မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်တွင် တည်ရှိပြီး နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် မတည်ငွေ (၃၀) ရာခိုင်နှုန်း၊ ချေးငွေ (၇၀) ရာခိုင်းနှုန်းဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်ခြင်း ဖြစ်သည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ စီမံကိန်းတစ်ခုလုံး၏ (၁၃) ရာခိုင်နှုန်းကျော် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

                                                          Advertisement

                                Click Here > Asia Pacific Inspection Agency

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ရေအားလျှပ်စစ်နှင့် ပတ်သက်၍ တည်ဆောက်နေသည့် စက်ရုံ (၂၇) ရုံရှိပြီး တည်ဆောက်ဆဲ စီမံကိန်း (၈) ခု ရှိကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် အထက်ရဲရွာ မဂ္ဂါဝပ် (၂၈၀) ရေအားလျှပ်စစ်စီမံကိန်း၊ အလယ်ပေါင်းလောင်း (၁၅၂) မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း၊ သူဋ္ဌေး (၁၁၁) မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း၊ အထက်ကျိုင်းတောင်း (၅၁) မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းနှင့် မြန်အောင် (၂၃) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တို့ကိုလည်း လုပ်ဆောင်လျက် ရှိသည်။

ထို့သို့ ရေအားလျှပ်စစ် စီမံကိန်းများစွာကို လုပ်ကိုင် ဆောင်ရွက်နေသော်လည်း လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသေးပေ။

မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် စသည့် မြို့ကြီးများ အပါအဝင် မြို့ရွာအားလုံးတွင် မီး ခဏခဏ ပျက်ခြင်းများ ဖြစ်ပေါ်နေပြီး ရန်ကုန်ရှိ မြို့နယ်အသီးသီးတွင်လည်း အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အား ရရှိလျက် ရှိသည်။

Read 461 times