အဆောက်အဦလုပ်ငန်းများ တရားစွဲဆိုခြင်းဆိုင်ရာ အဆင့်(၇)ဆင့်


20 January, 2020

အဆောက်အဦဆောက်ဖို့ ကန်ထရိုက်ယူတဲ့ ကန်ထရိုက်တာနဲ့ သက်ဆိုင်တဲ့သူတွေ (မြေရှင်၊ တစ်ဆင့်ခံ ကန်ထရိုက်တာ၊ ကုန်ပစ္စည်းပေးသွင်းသူ၊ အခန်းဝယ်ယူသူ စသည်) ကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ ညှိနှိုင်းဖြေရှင်းလို့ မရတော့ဘူးဆိုရင် တရားစွဲရပါတယ်။

အဲ့ဒီအခါမှာ အဆောက်အဦလုပ်ငန်း ရှေ့နေတွေက သက်ဆိုင်တဲ့ တစ်ဖက်ဖက်မှာ ရပ်တည်ပြီး

- ကန်ထရိုက်စာချုပ် ချိုးဖောက်မှုများ

- တည်ဆောက်ရေးချို့ယွင်းချက်များနှင့် နှောင့်နှေးမှုများ

- အဆောက်အဦ ပိုင်ဆိုင်ခွင့်များ

- ခံဝန်ချုပ်အရ တောင်းခံချက်များ

- စာချုပ်ဆိုင်ရာ အငြင်းပွားမှုများ

- ပစ်ပယ်ထားခြင်းအတွက် အငြင်းပွားမှုများနှင့်

- လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အငြင်းပွားမှုများ စတာတွေအတွက် တရားရင်ဆိုင်ကြရပါတယ်။

အငြင်းပွားမှုတွေ စတင်ပေါ်ပေါက်ချိန်ကစပြီး ကျွမ်းကျင်တဲ့ရှေ့နေတွေဆီကနေ ဥပဒေအကြံဉာဏ်များရယူဖို့ အင်မတန်အရေးကြီးပါတယ်၊ ဒီအချက်ဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ (ကန်ထရိုက်တာများ) နဲ့ ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူများ အလွန်သတိထားသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

(လက်တွေ့မှာလည်း) အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ရှေ့နေကောင်းတစ်ယောက်ရဲ့ ထိရောက်တဲ့ ဥပဒေအကြံဉာဏ်ဟာ ငွေကုန်ကြေးကျများပြားတဲ့ တရားစွဲဆိုဖြေရှင်းတာထက် အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ ပိုပြီးထိရောက်ကောင်းမွန်အောင် ဖြေရှင်းနိုင်တာ တွေ့ရမှာပါ။

အောက်မှာတော့ အဆောက်အဦလုပ်ငန်းများ တရားစွဲဆိုခြင်းဆိုင်ရာ အဆင့်(၇)ဆင့်ကို ဖော်ပြထားပါတယ်။ အဲ့ဒီအထဲမှာ အဆောက်အဦးအမှုလိုက်ရှေ့နေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဆင့်(၁) အငြင်းပွားမှုကို စုံစမ်းခြင်း

အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ (ဒါမှမဟုတ်) တရားရင်ဆိုင်ဖို့အတွက် လုံလောက်တဲ့ သက်သေသာဓကတွေ ရဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီအဆင့်မှာ အမှုလိုက်ရှေ့နေဟာ မိမိရဲ့ အမှုသည် အနိုင်ရရှိစေနိုင်မယ့် အငြင်းပွားမှုအကြောင်းရင်းများနဲ့ သက်သေများ၊ စာရွက်စာတမ်းများ၊ ဖြစ်ရပ်များ စတာတွေကို လေ့လာခွဲခြင်းပြီး ဥပဒေနဲ့အညီ ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။

 

အဆင့်(၂) လျောက်လဲချက်ပေးခြင်း

အဆောက်အဦ အမှုလိုက် ရှေ့နေဟာ အမှုဖြစ်စဉ်ရဲ့ သဘောသဘာဝအပေါ်မှာ မိမိအမှုသည်ကိုယ်စား လျောက်လဲချက်ကောင်းမွန်စွာ ပေးနိုင်ဖို့အတွက် များစွာကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ တရားလိုအနေနဲ့ လိုက်ရတဲ့အမှုမျိုးမှာဆိုရင် အမှုလိုက်ရှေ့နေဟာ အမှုကို ကောင်းစွာစတင်နိုင်ဖို့အတွက် သင့်တော်မှန်ကန်တဲ့ စွပ်စွဲချက်များနဲ့ ဆင့်ခေါ်မှုများ ပြုလုပ်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ တရားပြိုင်အနေနဲ့ လိုက်ရတဲ့ အမှုမျိုးမှာ ဆိုရင်တော့ တစ်ဖက်(တရားလို)ရဲ့ စွပ်စွဲချက်များကို ကောင်းစွာခုခံနိုင်ဖို့အတွက် ခိုင်လုံတဲ့သက်သေများ၊ အကြောင်းပြချက်များ၊ တုံ့ပြန်ချေပမှုများကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

 

အဆင့်(၃) သတင်းအချက်အလက်ရှာဖွေခြင်း

သတင်းအချက်အလက်ရှာဖွေခြင်းဟာ တရားစွဲဆိုခြင်းအဆင့်မှာ အလွန်အရေးပါပါတယ်။ မှန်ကန်သင့်တော်တဲ့ သတင်းအချက်အလက်ကို ရရှိမှသာ ခိုင်မာအားကောင်းတဲ့ အမှုလိုက်မဟာဗျူဟာကို ချမှတ်နိုင်မှာပါ။ ဒါကြောင့် ဒီအဆင့်မှာဆိုရင် သတင်းအချက်အလက် တောင်းခံခြင်း၊ မေးခွန်းထုတ်ခြင်း၊ စစ်ဆေးခြင်း စတဲ့ နည်းလမ်းပေါင်းစုံကို သုံးဖို့ လိုအပ်ပါတယ်။ ဒါမှသာ လိုအပ်တဲ့ ဆင့်ခေါ်စစ်ဆေးခြင်းများ၊ သက်သေခံခြင်းများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အငြင်းပွားမှုဖြစ်ကြတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ သုံးတဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်များ ရှာဖွေဖော်ထုတ်ခြင်းဟာ တရားစွဲဆိုခြင်းကိစ္စမှာ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အမှုလိုက်ရှေ့နေဟာ ဒီအချက်အလက်တွေကိုသုံးပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သတ်မှတ်ခွဲခြားတာနဲ့ ခိုင်မာအားကောင်းတဲ့ အမှုလိုက်မဟာဗျူဟာကို ချမှတ်တာကို လုပ်ဆောင်ရပါတယ်။ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် မေးခွန်းထုတ်ခြင်း၊ တောင်းခံခြင်း၊ ဥပဒေကြောင်းအရ မေးခွန်းများ မေးမြန်းခြင်းနဲ့ စီစဉ်မှုများ ပြုလုပ်ခြင်း စတဲ့ နည်းလမ်းတွေကို သုံးရပါတယ်။ မဖြစ်မနေ တောင်းခံခြင်းများနဲ့ ဆင့်ခေါ်စစ်ဆေးခြင်းတွေကိုလည်း အမှုလိုက်ရှေ့နေက ပြုလုပ်နိုင်ပါတယ်။

 

အဆင့်(၄) တရားရုံးမရောက်မီအဆင့်

အငြင်းပွားမှု အတော်များများက တရားရုံးမရောက်မီ တရားရုံးပြင်ပမှာပဲ ညှိနှိုင်းလို့ အဆင်ပြေသွားလေ့ ရှိကြပေမယ့် တချို့အမှုတွေကတော့ အဆင်မပြေကြပါဘူး။ ဒီလိုအခါမျိုးမှာဆိုရင် တရားရုံးမရောက်မီမှာပဲ သတင်းအချက်အလက်ရှာဖွေခြင်းကို ပြီးအောင်လုပ်ပြီး တရားရုံးတက်ဖို့ ပြင်ဆင်ရပါမယ်။ ခိုင်မာတဲ့ သက်သေခံ အချက်အလက်များ၊ လူသက်သေများနဲ့ တိုင်ပင်ဆွေးနွေးခြင်းများ၊ ဥပဒေကျွမ်းကျင်ပညာရှင်များ စတာတွေကို တရားရုံးမရောက်မီမှာ ကောင်းစွာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

 

အဆင့်(၅) တရားရုံးတက်ခြင်း

ဒီအဆင့်မှာ အမှုလိုက်ရှေ့နေဟာ အမှုရဲ့အားသာချက်၊ အားနည်းချက်များကို ကောင်းစွာခွဲခြားနိုင်ဖို့ လိုအပ်ပါတယ်။ ခိုင်မာတဲ့ သက်သေခံချက်များကို ပြင်ဆင်ဖို့ လိုအပ်သလို အားကောင်းစွဲဆောင်နိုင်တဲ့ လျောက်လဲချက်များကို ပေးနိုင်ဖို့လည်း ပြင်ဆင်ရပါမယ်။ စစ်ဆေးချက်နဲ့ အပြန်အလှန်စစ်ဆေးမှုတို့ကို ကောင်းစွာပြုလုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။

 

အဆင့်(၆) ပြေငြိမ်းခြင်း

တရားစွဲဆိုခြင်းအဆင့်မှာပဲ ဘယ်အချိန်မဆို အငြင်းပွားမှု ပြေငြိမ်းခြင်း ဖြစ်နိုင်ပါတယ်။ ဒီအဆင့်မှာဆိုရင် ညှိနှိုင်းခြင်းများ၊ အပေးအယူလုပ်ခြင်းများ၊ တွေ့ဆုံဆွေးနွေးခြင်းများ ပါဝင်လာနိုင်ပါတယ်။ စေ့စပ်ပြေငြိမ်းခြင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်ထဲမှာ ပြေငြိမ်းခြင်းသေဘာတူညီချက်များနဲ့ ထုတ်ပြန်ချက်များကို လုပ်ဆောင်ရပါမယ်။

 

အဆင့်(၇) အယူခံဝင်ခြင်း၊ မေတ္တာရပ်ခံခြင်းနှင့် အမှုရုတ်သိမ်းခြင်း

အမှုရဲ့ အခြေအနေပေါ်မူတည်ပြီး မိမိဘက်က ရရှိလိုတဲ့ ရလာဒ်မျိုး မဖြစ်နိုင်တော့ဘူးဆိုရင် အယူခံဝင်ခြင်း (သို့မဟုတ်) မေတ္တာရပ်ခံခြင်း (သို့မဟုတ်) အမှုရုတ်သိမ်းခြင်း တစ်ခုခုကိုပြုလုပ်ဖို့ အမှုလိုက်ရှေ့နေက အကြံပေးရပါမယ်။ အမှုလိုက်ရှေ့နေဟာ အယူခံဝင်ခြင်းအတွက် ကိစ္စရပ်များအား သတ်မှတ်ခြင်း၊ အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ထပ်မံရရှိနိုင်တဲ့ သက်သေခံများအား စုဆောင်းခြင်း၊ စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနဲ့ အယူခံမဝင်ခင် နှုတ်အားဖြင့် အငြင်းပွားမှုကို တင်ပြခြင်းများ ပြုလုပ်ရပါမယ်။

Laws and Regulations Read 199 times